ဇန်နဝါရီ ၂၄၊ ၂၀၂၁
M-Media
-နိုင်ငံတစ်ဝှမ်းက အိမ်ယာမဲ့တွေအားလုံးကို နေအိမ်ဆောက်လုပ်ပေးမယ့် စီမံကိန်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်က မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
စီမံကိန်းကို Ashrayan-2 လို့ အမည်ပေးထားပြီး အိမ်ယာမဲ့တွေကို နေစရာရအောင် ဖန်တီးပေးတဲ့ စီမံကိန်းတွေထဲမှာ ကမ္ဘာ့အကြီးဆုံးလည်း ဖြစ်ပါတယ်။
“လွတ်လပ်ရေးဖခင်ကို ဂုဏ်ပြုတဲ့ထားတဲ့နှစ် တိုင်းပြည်လွတ်လပ်ရေးရတာ နှစ် ၅၀ ပြည့်တဲ့ ဒီနှစ်မှာ ဘင်္ဂလားဒေ့ရှ်ပြည်သူတိုင်း အိုးအိမ်ပိုင်ဆိုင်ရမယ်လို့ ကျွန်မတို့ ရည်မှန်းထားပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ဖို့အတွက် ကျွန်မတို့အစိုးရဟာ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ မနေ့က အွန်လိုင်းကနေပြုလုပ်တဲ့ စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားမှာ ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။
တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင် ရှိခ်မူဂျီဘူရ် ရဟ်မန် မွေးဖွားမှု နှစ် ၁၀၀ ပြည့်မြောက်တဲ့ ၂၀၂၁ ခုနှစ်ကို Mujib Year နှစ်အဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေငြာထားတာ ဖြစ်ပါတယ်။
လူဦးရေ ၁၆၅ သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါကစ္စတန်ကနေ လွတ်လပ်ရေးရတာဟာ မတ်လ ၂၆ ရက်နေ့ဆိုရင် နှစ် ၅၀ ရှိပါပြီ။
အစိုးရရဲ့ အခုအိမ်ယာစီမံကိန်းမှာ နိုင်ငံတစ်ဝှမ်းက မိသားစု ၉ သိန်းနီးပါးလောက် အိမ်ယာရရှိမှာဖြစ်ပါတယ်။ ပထမအဆင့်မှာ လူ ၇ သောင်းကို အိမ်ယာဆောက်လုပ်ပေးအပ်မှာဖြစ်ပြီး လာမယ့်လမှာ နောက်ထပ် လူ တစ်သိန်း အိမ်ထပ်ရမှာ ဖြစ်ပါတယ်။
စီမံကိန်းက အိမ်တွေဟာ အိပ်ခန်း ၂ ခန်း၊ မီးဖိုဆောင်တစ်ခု၊ ရေချိုးခန်းတစ်ခုနဲ့ ၀ရန်တာတစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက သူ့အစိုးရဟာ အိမ်ယာမဲ့မိသားစု ၃၂၀၀၀၀ ကို အိမ်ယာ ဖန်တီးပေးနိုင်ခဲ့ပြီး နောက်ထပ် ဒီလိုစီမံကိန်းမျိုး လုပ်ဆောင်ရတဲ့အတွက် ပျော်ရွှင်ကျေနပ်မိတယ်လို့ မနေ့က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နိုင်ငံအရှေ့ပိုင်းက ရာသီဥတုဘေးကြောင့် အိုးအိမ်စွန့်ခွာရသူတွေအတွက်လည်း အိမ်ယာတွေ ဆောက်လုပ်ပေးဖို့ စီစဉ်နေပါတယ်။
Ref: Anadolu Agency
Comments