ဖေဖော်ဝါရီ ၉၊ ၂၀၂၁
M-Media
-မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက အရေးယူမှုတွေဟာ အလုပ်ဖြစ်ခဲ့ပြီး လက်ရှိ အာဏာသိမ်း စစ်အစိုးရလည်း နိုင်ငံတကာဖိအားအောက်မှာ အကြပ်ရိုက်နေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောကြားလိုက်ပါတယ်။
စီးပွားရေးပိတ်ဆို့မှု၊ သံတမန်အဆက်အသွယ်ဖြတ်တောက်မှု စတာတွေပါဝင်တဲ့ အရေးယူမှုတွေဟာ အာဏာရှင်တွေကို ဖိအားပေးရာမှာ ထိရောက်မှုမရှိဘူးလို့ ပြောကြားတာတွေ ရှိနေတာပါ။
မနေ့က အင်တာဗျူးမှာ မစ္စတာအန်ဒရူးက ဒီအရေးယူမှုတွေဟာ ထိရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“အရင်ကအခြေအနေတွေကို ကျွန်တော်တို့ သိတယ်ဗျ။ နိုင်ငံတကာဖိအားတွေက သူတို့အတွက် ဘာမှမဖြစ်ဘူးလို့ အရင်စစ်အစိုးရက ပြောတယ်။ ဒါဟာ မမှန်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ သူတို့သတိထားတယ်ဗျ။ သူတို့ နိုင်ငံတကာနဲ့ စီးပွားရေး လုပ်ချင်တာကိုး”
စစ်ခေါင်းဆောင်တွေဟာ ငွေရှာချင်၊ ချမ်းသာချင်ကြတဲ့အတွက် နိုင်ငံတကာက အချိန်အကြာကြီး ကျဉ်ထားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သူတို့ ကောင်းကောင်းသိတယ်လို့လည်း မစ္စတာအန်ဒရူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အကြီးအကျယ်လုပ်ဆောင်နေပြီး ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နှင်းမှုတွေလည်း ရှိနေပါတယ်။
မစ္စတာအန်ဒရူးကတော့ ပြည်သူတွေဟာ နောက်ပြန်ဆုတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“မြန်မာပြည်သူတွေက အခုအချိန်မှာ မတူညီမှုတွေကို နားလည်နေပြီဗျ။ နောက်ကြောင်းပြန်လှည့်ဖို့ စိတ်ကိုမဝင်စားတော့ဘူး။ ကျွန်တော်တို့လည်း အတိတ်မှာ အလုပ်ဖြစ်ခဲ့တာတွေကို မြင်ရပြီး အခုအချိန်မှာလည်း ဒါတွေက ထပ်ပြီးထိရောက်လိမ့်မယ်လို့ ထင်ပါတယ်”
ကမ္ဘာ့ခေါင်းဆောင်တွေဟာ အာဏာသိမ်းစစ်တပ်ကို စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့ ဆောင်ရွက်နေပြီး ဒါတွေအားလုံး အလုပ်ဖြစ်မယ်လို့ ယုံကြည်ကြောင်း၊ လုပ်ဆောင်ခဲ့သမျှအားလုံးအတွက် တာဝန်ယူရမယ်ဆိုတာ စစ်အစိုးရကို သတိပေးထားဖို့ အရေးကြီးကြောင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာ အန်ဒရူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: CNA
Comments