6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁
M-Media

-မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အရေးယူရေးကိစ္စမှာ ကုလသမဂ္ဂ လုံခြုံ​ရေးကောင်စီကို ဖိအားပေးရင်းနဲ့ပဲ တန်ဖိုးရှိတဲ့ အချိန်တွေ၊ ရင်းမြစ်တွေကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အလဟသကုန်ဆုံးခဲ့ပါတယ်။ ကျွန်တော်လည်း အဲဒီထဲကတစ်ယောက်ဖြစ်တဲ့အတွက် ဒါကို သိနေတာပါ။

၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ကျွန်​တော်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ နယူးယောက်မြို့ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။ ကျွန်တော်အလုပ်လုပ်နေတဲ့အဖွဲ့ (Fortify Rights) နဲ့ အခြားအဖွဲ့ တော်တော်များများက ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို လုံခြုံရေးကောင်စီမှာ ဖွင့်ချဖို့ပါ။ စစ်တပ်ဟာ ရွာပေါင်း ရာနဲ့ချီ မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေပါမကျန် သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီတုန်းက လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံကပြည်သူ​တွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့သလို အခုလည်း ကာကွယ်ဖို့ ပျက်ကွက်နေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီး ရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရကို ဖြုတ်ချကာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အရပ်သားဝန်ကြီးတွေ၊ လွှတ်တော်အမတ် အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။

အာဏာသိမ်းမှုမတိုင်ခင်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဖားတစ်ပိုင်း ငါးတစ်ပိုင်းပါ။ စစ်တပ်ကို မတော်မတရား အာဏာပေးထားပြီး အပြစ်အနာဆာ ပရပွရှိနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အခြေခံတဲ့ ဒီမိုကရေစီပါ။ အစိုးရကလည်း လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါ ပုံစံလို ဖြစ်နေပါတယ်။ ဒါပေမယ့် အခု အာဏာသိမ်းမှုဟာ ဒီထက်ပိုဆိုးသွားပြီး အတိတ်က စစ်အာဏာရှင်ခေတ်လို အပယ်ခံအကျဉ်ခံ၊ အမှောင်ဖုံးဘ၀ကို ပြန်ရောက်သွားလုနီးနီး ဖြစ်လာပါတယ်။ ဒါဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

အာဏာသိမ်းပြီး နောက်ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အစည်းအဝေးခေါ်ပြီး ဆွေးနွေးပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေငြာချက်ကို တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ခဲ့ကြပါတယ်။ နောက်တစ်နေ့မှာ အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို လီဆယ်လုပ်ကြံပြီး တရားစွဲပါတယ်။ သူတို့နှစ်ဦးကို ဆက်ပြီးဖမ်းထားမယ်ဆိုတဲ့ သဘောထားကို လူသိရှင်ကြား ထုတ်ပြလိုက်တာပါ။ နောက်ဆုံးမှာတော့ တရုတ်က လိုက်လျောတဲ့အတွက် လုံခြုံရေးကောင်စီဟာ သိပ်အားမပါတဲ့ ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ သံတမန်ရေးရာ အောင်မြင်မှုလို့ ပြောကြပေမယ့် ဆိုးဆိုးရွားရွားအခြေအနေတွေကို အရေးမယူဘဲ ​ပျားရည်နဲ့ ဝမ်းချတာမျိုးပါ။

လုံခြုံရေးကောင်စီရဲ့ ပြဿနာအရင်းအမြစ်က ဗီတိုအာဏာဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှားတို့ရဲ့ အသုံးပြုမှုပါ။ ဗီတိုအာဏာ ဒါမှမဟုတ် ဗီတိုသုံးမယ်လို့ ခြိမ်းခြောက်မှုဟာ တရုတ်အတွက် သူမကြိုက်တာကို ဖျက်ဆီးနိုင်မယ့် တော်ပီဒိုဒုံးကျည်လိုပါပဲ။ အရင်ကတည်းက အခုအချိန်အထိ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေ ပေါ်လာတိုင်း၊ အရေးယူဖို့ လိုအပ်လာတိုင်း တရုတ်ဟာ ဒီနည်းလမ်းနဲ့ လုံခြုံရေးကောင်စီက ဘာမှလုပ်မရအောင် ဟန့်တားခဲ့ပါတယ်။

အခုတစ်ခါတော့ ဒီလိုဖြစ်လို့ မရတော့ပါဘူး။

၁၉၅၀ ပြည့်နှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ‘ငြိမ်းချမ်းရေးအတွက် စည်းလုံးခြင်း’ ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြဌာန်းခဲ့ပါတယ်။ စစ်အေးကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုက ဗီတိုအာဏာကို အမြဲတမ်းလိုလို အသုံးပြုနေမှုကို တုန့်ပြန်ဖို့ပါ။ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးလာတဲ့ အခြေအနေမျိုး နိုင်ငံတွေမှာ ဖြစ်လာတဲ့အချိန် ​လုံခြုံရေးကောင်စီက ဘာမှမလုပ်နိုင်ရင် အထွေထွေညီလာခံက ကိုင်တွယ်ဆောင်ရွက်ဖို့ လမ်းကြောင်းတစ်ခု ဖော်ပေးလိုက်တာ ဖြစ်ပါတယ်။

အထွေထွေညီလာခံ ကျင်းပတဲ့အချိန် မဟုတ်ရင်လည်း ‘အရေးပေါ်အထူးအစည်းအဝေး’ ခေါ်ပြီး ကိုင်တွယ်ဆောင်ရွက်လို့ရပါတယ်။ ဒီလိုအစည်းအဝေးမျိုးက သိပ်နည်းပါတယ်။ ပြီးခဲ့တဲ့ ၆၅ နှစ်အတွင်း ဒီလိုအစည်းအဝေးမျိုး ၁၀ ကြိမ်သာ လုပ်ခဲ့ပါတယ်။ အခုတော့ နောက်တစ်ကြိမ်လုပ်ဖို့ အချိန်ကျလာပါပြီ။

ဒီအထူးအစည်းအဝေးကို လုံခြုံရေးကောင်စီက အဖွဲ့ဝင်နိုင်ငံ ၉ ခု ဒါမှမဟုတ် ဗီတိုကိုင်ထားတဲ့ နိုင်ငံအများစုရဲ့ ထောက်ခံမဲနဲ့ ခေါ်ယူကျင်းပလို့ ရပါတယ်။ ဒီအစည်းအဝေးကျင်းပဖို့ အဓိကအချက်နှစ်ခု လိုပါတယ်။ ပထမအချက်က လုံခြုံရေးကောင်စီအနေနဲ့ ဘာမှ မဆောင်ရွက်နိုင်တဲ့အခြေအနေမျိုး ဆိုက်ရောက်နေတာ၊ ဒုတိယက ‘ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှု၊ ငြိမ်းချမ်းရေးပျက်ဆီးမှု ဒါမှမဟုတ် ကျူးကျော်မှု’ အခြေအနေမျိုး ဖြစ်လာတာတွေပါ။

စစ်တပ်အာဏာသိမ်းမှုတွေ၊ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ၊ နိုင်ငံဖြတ်ကျော် ဒုက္ခသည်ပြဿနာတွေဟာ နိုင်ငံတကာငြိမ်းချမ်းရေးကို ​ခြိမ်းခြောက်လာနိုင်တယ်လို့ လုံခြုံရေးကောင်စီက သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေဟာ လိုအပ်တဲ့ အချက်အားလုံးနဲ့ ကိုက်ညီနေပါတယ်။ နောက်ထပ် ငြင်းမရတဲ့အချက်က လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်လာရင် ဘာမှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်တာ နှစ်တော်တော်များများ ကြာခဲ့ပါပြီ။ အနီးကပ်ဆုံး အဖြစ်အပျက်တစ်ခုကို ပြရရင် ၂၀၁၈ ခုနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ခဲ့တာပါ။ ဒါပေမယ့် ဘာမှ ဖြစ်မလာပါဘူး။

လုံခြုံရေးကောင်စီရဲ့ ပုံမှန်လည်ပတ်ဆောင်ရွက်မှုတွေဟာ ၉၆ ပါး ရောဂါပျောက်ဆေး မဟုတ်သလိုဘဲ ကုလရဲ့ အရေးပေါ် အထူးအစည်းအဝေးကလည်း ‘ဥုံဖွပျောက်စေ’ မဟုတ်ပါဘူး။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကို ကမ္ဘာက အပြင်းထန်ဆုံးရှုတ်ချမှု ဖြစ်လာမှာဖြစ်ပြီး မှန်မှန်ကန်ကန်သာ ဆောင်ရွက်နိုင်ခဲ့ရင် ထိရောက်တဲ့ အရေးမှုလည်း ပေါ်ပေါက်လာနိုင်ပါတယ်။

အရင်က အရေးပေါ်အထူးအစည်းအဝေးတွေမှာ အပစ်ရပ်ရေး၊ စီးပွားရေးပိတ်ဆို့မှု၊ လက်နက်တင်သွင်းခွင့် ပိတ်ပင်မှု၊ ကုလ​သမဂ္ဂ စောင့်ကြည့်ရေးတပ်တွေ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေ စေလွှတ်မှု စတာတွေ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံကိစ္စမှာလည်း ဒီနည်းလမ်းတွေအားလုံးကို ထည့်သွင်းစဉ်စားလို့ ရပါတယ်။ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ချထားဖို့ မြန်မာနိုင်ငံက ငြင်းခဲ့ရင်တောင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားမှာ ချထားဖို့ ကုလအထွေထွေညီလာခံက အဆိုပြုနိုင်ပါတယ်။ ဒါဆိုရင် လက်ရှိအခြေအနေမှာ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်နေတဲ့ ရိုဟင်ဂျာတွေ အရင်ကတည်းက တောင်းဆိုထားမှုကို ဖြည့်ဆည်းပေးတာမျိုး ဖြစ်သွားမှာပါ။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို သီးခြားစစ်ဆေးမယ့် ခုံရုံးတွေကိုလည်း ကုလအထွေထွေညီလာခံက ဖွဲ့ပေးလို့ ရပါတယ်။ ဆီရာလီယိုနီနိုင်ငံအတွက် အထူးခုံရုံး၊ ကမ္ဘောဒီယားအတွက် အထူးခုံရုံးတွေကို အရင်က ဖွဲ့ပေးခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံက သဘောမတူရင် ဒီခုံရုံးတွေဟာ တရားဝင်အမိန့်ချမှတ်နိုင်မယ့် တရားရေးအဖွဲ့အစည်း မဖြစ်ပါဘူး။ ဒါပေမယ့် အရေးယူမှု ဆောင်ရွက်နိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါတယ်။

အဖွဲ့ဝင် ၄၇ နိုင်ငံပါတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ သောကြာနေ့ (မနေ့) မှာ အစည်းအဝေးလုပ်ပြီး မြန်မာနိုင်ငံအရေး ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်ပြီး ကုလအထွေထွေညီလာခံရဲ့ အရေးပေါ်အထူးအစည်းအဝေး ခေါ်ယူဖို့ အခြေခံလည်း ဖြစ်လာမှာပါ။

လက်ရှိ မြန်မာပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြမှုဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးပါ။ စစ်တပ်က ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာကို ပြည်သူတွေ ကောင်းကောင်းသိပါတယ်။ လက်နက်မဲ့ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ပစ်ခတ်တာ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာ စတဲ့ အန္တရာယ်တွေ လည်း ရှိနေပါတယ်။ မြန်မာ့အရေးဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက အားနဲ့အင်နဲ့ ချက်ချင်းလက်ငင်း တု့န်ပြန်ရမယ့် အရေးတစ်ခုပါ။ ဗိုလ်ချုပ်တွေကို အာဏာရှင်လမ်းကြောင်း ပို့ပေးနေသူတွေရဲ့ အနိုင်ကျင့်မှုကို ခံရတဲ့ အဖွဲ့အစည်းမျိုး ကုလအနေနဲ့ ထပ်ပြီး မဖြစ်သင့်တော့ပါဘူး။

Ref: Washington Post

(Washington Post တွင် ဖော်ပြထားသည့် How to dodge the Chinese veto on Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.