ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁
M-Media
-အာဏာသိမ်းမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးမှုကြောင့် စစ်တပ်က ထိန်းချုပ်လို့မရတဲ့ အင်အားတွေ လူထုမှာ ပေါ်လာပါတယ်။
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အားလုံးကို အစကနေပြန်စဖို့ ရည်ရွယ်တာပါ။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အာဏာကို ချိန်ခွင်လျှာ ပြန်ညှိဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လူမှုရေးနဲ့ စီးပွားရေး မတည်မငြိမ်ဖြစ်နေတဲ့အချိန် ဗိုလ်ချုပ်ကြီးတွေဟာ တော်လှန်ရေးအရွေ့သစ်တစ်ခုကို မရည်ရွယ်ဘဲ ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လက်ရှိအချိန်မှာတော့ ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထား ရောက်လာပါပြီ။
လွန်ခဲ့တဲ့ ၁၁ နှစ်အရင်က အာဏာကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ရွေးကောက်ခံသမ္မ၊ လွှတ်တော်တို့နဲ့ စစ်တပ်အကြား အာဏာမျှယူမယ့် အခြေခံဥပဒေပါ။ ၁၉၈၈ ခုနှစ်မှာ စစ်တပ်ကျောထောက်နောက်ခံပြု ဆိုရှယ်လစ် အာဏာရှင်စနစ်ကို ဖြုတ်ချပြီး သူတို့အမြတ်ထွက်မယ့် စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တာလည်း ဒီဗိုလ်ချုပ်တွေပါပဲ။ နိုင်ငံရေးစနစ်သစ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုကို ဆက်ရှိနေပြီး သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ပေးထားနိုင်သလို လူထုရဲ့ထောက်ခံမှုကို အတိုင်းအတာတစ်ခုအထိ ရလိမ့်မယ်လို့ သူတို့ ထင်ခဲ့ကြပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ဟောင်းတွေ နေရာဖယ်ပေးခဲ့တယ်။ မကြုံစဖူး နိုင်ငံရေးလွတ်လပ်ခွင့် ရရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ၅ နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆက်ဆံရေးဟာ ပန်းခင်းသောလမ်း မဟုတ်ခဲ့ပါဘူး။ လုံခြုံရေးပိုင်းကို စစ်တပ်က အပြည့်အ၀ ထိန်းချုပ်ထားပေမယ့် တစ်နှစ်ကို ကန်ဒေါ်လာ ၂၅ ဘီလီယံလောက်ရှိတဲ့ တိုင်းပြည်ရဲ့ဘက်ဂျက်နဲ့ နိုင်ငံခြားဆက်ဆံရေးအပါအဝင် အခြားအစိုးရကဏ္ဍအားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ကိုင်တွယ်လုပ်ဆောင်ပါတယ်။ သူမဟာ ဩဇာကြီးလာသလို၊ လူကြိုက်လည်း ပိုများလာပါတယ်။ စစ်တပ်ကို သူမရဲ့ဩဇာအောက် ထားနိုင်မယ့် အခြေခံဥပဒေပြင်ဆင်ရေးကို သူမရဲ့ အဓိကရည်မှန်းချက်အဖြစ် သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အာဏာကို တစ်စိတ်တစ်ပိုင်းလျော့ပါးအောင် လုပ်နိုင်လိမ့်မယ်လို့ ကာကွယ်ရေးဦးစီးချုပ်က မျှော်လင့်ခဲ့သလို၊ သူကိုယ်တိုင် သမ္မတဖြစ်ဖို့လည်း မျှော်မှန်းခဲ့ပုံပါပဲ။ ဒါပေမယ့် NLD ကပဲ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် ရွေးကောက်ပွဲ မသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက် ပေါ်လာပြီး၊ မိမိတို့ကိုယ်တိုင် ပြန်စစ်မယ်လို့ စစ်တပ်က တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်ကို NLD က ငြင်းဆိုခဲ့ပြီးနောက် အာဏာသိမ်းမှု ပေါ်ပေါက်လာတာပါ။အာဏာသိမ်းမှုကို ရှောင်လွှဲလို့ မရတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အင်အားနည်းအောင်လုပ်ပြီး၊ သူမရဲ့ ဒုတိယသက်တမ်းမှာ အခြေခံဥပဒေ ပြင်ဆင်တာမျိုး မဖြစ်စေလိုတဲ့ စစ်တပ်ရဲ့ရည်ရွယ်ချက်ကိုတော့ တားဆီးရှောင်လွှဲလို့ မရပါဘူး။
စစ်တပ်ရည်ရွယ်ချက်က ၂၀၁၀ ခုနှစ်အခြေအနေကို ပြန်သွားပြီး၊ ဇာတ်လမ်းကို တစ်ကနေ ပြန်စဖို့ပါ။ အခုတစ်ခေါက်ဇာတ်လမ်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုံး၀ ဘေးဖယ်ထားလိုက်တော့မှာ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ နေအိမ်အကျယ်ချုပ် ချခံထားရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကတိပေးထားပေမယ့် NLD ပါဝင်ပါ့မလားဆိုတာ သိပ်မသေချာပါဘူး။ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း ဖမ်းဆီးမှုတွေကိုကြည့်ရင် စစ်တပ်ဟာ NLD ပါတီကို အမူဆင်နိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲ မသမာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်အပြင် ခြစားတယ်၊ ပြည်ပက ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွဲချက်တွေ ပါလာမှာပါ။ ခြစားမှုများပြီး ခက်ထန်ကြမ်းကြုတ်တဲ့ အတိတ်က အာဏာရှင်စနစ်မျိုးကို ကာကွယ်ရေးဦးစီးချုပ်က ပြန်သွားလိုပုံ မပေါ်ပါဘူး။ နိုင်ငံရေးအနေအထားအသစ်တစ်ခု ဖန်တီးဖို့ ကြိုးစားခဲ့ပေမယ့် နိုင်ငံရေးမှာ စစ်တပ်ရဲ့လွှမ်းမိုးမှု လုံး၀ဖယ်ရှားပစ်ချင်တဲ့ သာမန်ပြည်သူလူထုရဲ့ ပြင်းပြတဲ့ အာသီသကို ဗိုလ်ချုပ်မှူးကြီးတစ်ယောက် ထည့်မတွက်မိခဲ့ပါဘူး။
အခုအချိန်မှာ လူသိန်းနဲ့ချီ လမ်းပေါ်ထွက်လာပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့ တိုက်တွန်းလာကြတယ်။ နိုင်ငံဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကဝန်ထမ်း ထောင်သောင်းချီ အလုပ်ထွက်ပြီး အစိုးရယန္တရား အားနည်းသွားအောင်လုပ်တယ်။ ဒီတော်လှန်ရေးကို မျိုးဆက်သစ် တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်တာ ဖြစ်ပါတယ်။
ဆန္ဒပြမှုတွေဟာ စစ်တပ်ရဲ့အုပ်ချုပ်မှုကို ဖြုတ်ချနိုင်မယ့်အလားအလာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့အကြား ညှိနှိုင်းဆွေးနွေးနိုင်မယ့် ကြားဝင်စေ့စပ်မှု ဖြစ်လာနိုင်စရာလည်း မရှိပါဘူး။ စစ်တပ်အရာရှိကြီးတွေ အမိန့်ဖီဆန်ပြီး ဘက်ပြောင်းလာတာမျိုးကတော့ ခေတ်သစ် မြန်မာနိုင်ငံရဲ့သမိုင်းမှာ လုံး၀ မရှိပါဘူး။ ညှိနှိုင်းဆွေးနွေးမှုဆိုတာ မြန်မာ့နိုင်ငံရေးဓလေ့မှာ နှာခေါင်းရှုံစရာ စကားလံုးသာဖြစ်ပါတယ်။
ဆန္ဒပြမှုတွေ ပိုဖြစ်လာနိုင်သလို၊ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပြီး စစ်တပ်ရဲ့အာဏာ ခိုင်မာအောင်လုပ်တာမျိုးကလည်း မထိရောက်နိုင်ပါဘူး။ တိုင်းပြည်ဟာ အုပ်ချုပ်ရေးပျက်ပြားတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အဲဒီအချိန်ကျရင် ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု၊ လူမျိုးရေးအခြေပြု လက်နက်ကိုင်ပဋိပက္ခ၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ မြင့်တက်လာတဲ့ လူတန်းစားမညီမျှမှု၊ ရာသီဥတုပြောင်းလဲမှုလို နိုင်ငံမှာ အမှန်တကယ်ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မျက်ကွယ်ပြုတဲ့ နိုင်ငံရေးမျိုး ဖြစ်လာပါလိမ့်မယ်။ ရိုဟင်ဂျာဒုက္ခသည်နဲ့ အခြားဒုက္ခသည် ၁ သန်းလောက်ရှိနေတယ်။ နယ်စပ်မှာလည်း ဒါဇင်နဲ့ချီတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ရာနဲ့ချီတဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပွထနေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေပြုစီးပွားရေးမှာ အထွပ်အထိပ်က စစ်တပ်မဟုတ်ဘဲ အခြားအဖွဲ့အစည်းတွေထက် ပိုပြီးအားကောင်းတဲ့ နိုင်ငံဖြတ်ကျော် ငွေရှာတဲ့ ကွန်ယက်တွေဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့သူတွေဟာ မြေယာတွေဆုံးရှုံးပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းသွားကြရတယ်။ သန်းပေါင်းများစွာသော ပြည်သူတွေလည်း အာမခံချက်မရှိတဲ့ဘ၀မျိုးမှာ နေထိုင်နေရပါတယ်။ တစ်နေ့ကို ငွေကျပ် ၃၀၀၀ ဝန်းကျင်အောက်သာ ဝင်ငွေရှိသူအရေအတွက်ဟာ ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ၃ ဆတက်လာပြီး မြန်မာလူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းအထိ ဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်အရင်က လူတိုင်း ဖုန်းမကိုင်နိုင်တဲ့ အနေအထားကနေ အခုအချိန်မှာတော့ လူတိုင်း Facebook သုံးနိုင်ကြပြီလို့ ပြောလို့ရပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီအချိုးအကွေ့ကို ရောက်နေတာမျိုးမဟုတ်ဘဲ အခြေခံကျကျ တော်လှန်ပြောင်းလဲပစ်ရမယ့် အခြေအနေမျိုးကို ရောက်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အကြားမှာ ပြိုလဲသွားတဲ့ သဘောတူညီချက်ဟာ တကယ်တော့ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံကို ပေါင်းစည်းပေးနိုင်ဖို့မရှိတဲ့ ကွန်ဆာဗေးတစ်ဆန်းလွန်တဲ့ အယူအဆမျိုးပါ။ အခု အပြောင်းအလဲဟာ ဘယ်လိုလမ်းကြောင်းကို ဦးတည်သွားမလဲဆိုတာ ကံသေကံမ မပြောနိုင်ပါဘူး။
လူအိုတွေက ကြီးစိုးနေတာ၊ ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေလောက်ကိုသာ အာရုံစိုက်နေတာတွေက ဒီနှစ်ပိုင်းတွေမှာ မြန်မာ့နိုင်ငံရေးကို ပိတ်ဆို့တားဆီးထားတဲ့ အကြောင်းအရင်းတွေပါ။ ဒီကနေ့ ဆန္ဒပြမှုတွေကို ဦးဆောင်သူတွေမှာ ရဲရင့်မှုနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို တွေ့ရတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကောင်းတဲ့ မျိုးဆက်သစ်ဖြစ်ပြီး နည်းပညာနဲ့ အကျွမ်းတဝင်ရှိကာ ကမ္ဘာကြီးနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါပေမယ့် အောင်မြင်ဖို့အတွက်ဆိုရင် လူမျိုးရေးစည်းဘောင်တွေကိုကျော်ကာ လူတန်းစားမညီမျှမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုတွေကို အဓိကထားတဲ့ ဖောက်ထွက်တဲ့ အယူအဆမျိုးကို သူတို့ ထုဆစ်ဖို့ လိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းကို ပြန်လည်ပုံဖော်ပြီး၊ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ဆိုးရွားတဲ့ သမိုင်းတွေကို အမွေခံထားရပြီး၊ အဲဒီသမိုင်းဆိုးတွေကို ဖက်တွယ်မထားဘဲ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲကို ရောက်လို့လာခဲ့ပါပြီ။
Ref: Financial Times
(Financial Times တွင် ဖော်ပြထားသည့် Myanmar’s youth hold the country’s future in their hands ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင်းမှာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေး သမိုင်းပညာရှင် ဒေါက်တာသန်းမြင့်ဦးဖြစ်ပါသည်)
Comments