ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁
M-Media
-အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံပတ်သက်မလားဆိုတဲ့ကိစ္စကို ပိုမို သတိထား စဉ်းစားနေတယ်လို့ World Bank အကြီးအကဲ ဒေးဗစ် မာလ်ပက်စ်က မနေ့က ပြောကြားလိုက်ပါတယ်။
လက်ရှိ စီမံကိန်းအသစ်ဆောင်ရွက်ဖို့ မရှိသေးဘဲ ရှေ့ဆက်ဘယ်လိုသွားမယ်လဲဆိုတာ ရှယ်ယာရှင်တွေထံကနေ လမ်းညွှန်ချက် ရယူသွားမယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် လုပ်လက်စ အလုပ်တွေကို ပြီးဆုံးလုပ်သွားမယ်လို့ မာလ်ပ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်မှုမှာ အရင်က သတိထားခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ စစ်တပ်က အာဏာသိမ်းမှုကြောင့် ပိုပြီးသတိထားရတော့မယ့် အခြေအနေ ဖြစ်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ကို အဓိကထောက်ခံနေတဲ့ နိုင်ငံတွေအပါအဝင် အနောက်နိုင်ငံ တော်တော်များများက ဖေဖော်ဝါရီတစ်ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အမေရိကန်က အလျင်အမြန် ပိတ်ဆို့မှုတွေလုပ်ခဲ့သလို၊ ဗြိတိန်နဲ့ ကနေဒါတို့လည်း ကြာသာပတေးနေ့မှာ ပိတ်ဆို့မှု လုပ်ခဲ့ပါတယ်။ အာရှနေတိုးအဖွဲ့လို့ တင်စားခံရပြီး အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ ဩစတေးလျတို့ပါဝင်တဲ့ Quad အဖွဲ့က မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို လျင်အမြန်ဖော်ဆောင်ဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားကတော့ ပိုပြီး သတိထားနေတဲ့ အနေအထားမျိုးပါ။ ရပ်ဆိုင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ စီမံကိန်းသစ်လုပ်ဖို့ စီစဉ်ထားတာမရှိဘူး။ စထားတာတွေကိုတော့ ပြီးဆုံးအောင် ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ မာလ်ပ်စ်က ပြောပါတယ်။
ကမ္ဘာ့ဘဏ်ဟာ ကိုရိုနာကပ်ရောဂါ တိုက်ဖျက်ရေး၊ ကျန်းမာရေးစနစ် မြှင့်တင်ရေးနဲ့ လယ်သမားတွေကို ကူညီပေးရေးအတွက် ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၅၀ ချေးငွေ ခွင့်ပြုခဲ့ပါတယ်။
Ref: The Star
Comments