မေးခွန်း – အခုလုပ်နေတဲ့ ဆန္ဒပြမှုတွေ ဘယ်လောက်အထိ ခရီးရောက်မယ်လို့ထင်လဲ။ စစ်အစိုးရက နှိမ်းနှင်းမှု ပိုဆိုးလာမလား။ အခုအချိန်အထိတော့ ဖမ်းဆီးတာ၊ ဒဏ်ရာအနတရဖြစ်တာ သိပ်မများဘူး။ ဒီလို များလာရင်ရော ဆန္ဒပြမှုတွေ အဆုံးသတ်သွားမလား။
အဖြေ – ပြည်သူထူလုက စစ်တပ်အပေါ် ဘယ်လိုသဘောထားလဲဆိုတာ ဆန္ဒပြပွဲတွေက ရှင်းရှင်းလင်းလင်းကို ပြသနေတယ်။ သန်းနဲ့ချီတဲ့ သာမန်ပြည်သူလူထုရဲ့ ခံစားချက်ကို ဒီဆန္ဒပြပွဲတွေကနေတစ်ဆင့် ကမ္ဘာကြီးမြင်အောင် တော်တော်လေးချပြနိုင်တယ်။ ပြည်သူ့ဝန်ထမ်းတွေရဲ့ သပိတ်မှောက်မှုကြောင့်လည်း အစိုးရယန္တရား ချိနဲ့သွားတယ်။ ဆန္ဒပြမှု ပမာဏထက် ဆန္ဒပြမှုနည်းလမ်းကြောင့် စစ်အာဏာပိုင်တွေ ရှော့ရသွားကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက လုပ်တာမျိုးမဟုတ်ဘဲ တက်ကြွလှုပ်ရှားတဲ့ လူငယ်ကွန်ယက်တွေက စုပြီး လုပ်ကြတာပါ။ အင်တာနက်မလိုဘဲ Bluetooth သုံးပြီး စာတိုပို့တဲ့ Bridgefy လို နည်းပညာသစ်တွေကိုလည်း သုံးလာကြပါတယ်။
အာဏာသိမ်းမှုဟာ ဥပဒေနဲ့ညီပြီး ခေတ္တသာဖြစ်တယ်လို့ပုံဖော်ဖို့ ကြိုးစားနေတဲ့ စစ်တပ်ဟာ အကြမ်းဖက်ဖြိုခွင်းတာမျိုးကို ရှောင်ရှားနေပုံပါပဲ။ CDM ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သိပုံမရဘူး။ CDM လုပ်တဲ့သူတွေဖက်ကလည်း ဒီအချိန်ရောက်မှ နောက်ပြန်ဆုတ်ရင် ဗျူဟာပျက်သွားမယ်။ အာဏာသိမ်း စစ်ကောင်စီအတွက် လတ်တလော အာဏာစုစည်းဖို့က မလွယ်သေးပါဘူး။
မေးခွန်း – တပ်မတော်ရဲ့ မဟာဗျူဟာက ဘာဖြစ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် ထောက်ခံမှုကျဆင်းစေဖို့ လူမျိုးရေးကွဲပြားမှုကို ဗိုလ်ချုပ်တွေက အသုံးချမလား။
အဖြေ – ရှင်းလင်းတဲ့ မဟာဗျူဟာမျိုးမြင်ရရင် ကျွန်တော် အံ့ဩမိလိမ့်မယ်။
အာဏာသိမ်းမှု မလွဲဧကန်ဖြစ်လာမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ အခုအာဏာသိမ်းမှုဟာ လများစွာ စီစဉ်ပြီး လုပ်တာမျိုးလည်း ဟုတ်ပုံ မရပါဘူး။ ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် သိသိသာသာ စိတ်ပျက်တာမျိုး ရှိတယ်။ ဒါပေမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ သူထင်သလိုဖြစ်လာမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထင်ခဲ့တယ်။ လက်ရှိ ဖွဲ့စည်းပုံအရ စစ်တပ်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရထားတာကြောင့် စစ်တပ်ဖက်ယိမ်းတဲ့ ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာ ၂၅ ရာခိုင်နှုန်းကျော် နိုင်ဖို့ပဲ လိုတယ်။ ဒါပေမယ့် ဒါမျိုးဖြစ်မလာဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ မသမာမှု ကြီးကြီးမားမားရှိတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ စွပ်စွဲချက်တွေနောက်ကိုလိုက်ပြီး စစ်ဆေးဖို့တောင်းဆိုတယ်။ NLD က ဒီတောင်းဆိုမှုကို ငြင်းဆန်တဲ့အခါ တင်းမာမှုတွေ မြင့်တက်လာပြီး ရာဇသံပေးတဲ့အထိ ဖြစ်လာတယ်။ စေ့စပ်ဖို့ကြိုးစားမှုကလည်း မအောင်မြင်ဘဲ အာဏာသိမ်းမှု ပေါ်ပေါက်လာပါတယ်။
ရှေ့ဆက်ပြီး ဆန္ဒပြမှုတွေကို ကိုင်တွယ်တာအပြင် ဗိုလ်ချုပ်တွေဟာ အချက် ၃ ချက်ကို အာရုံစိုက်လုပ်ဆောင်လာနိုင်ပါတယ်။
- ရွေးကောက်ပွဲ မသမာမှုအပြင်၊ ခေါင်းဆောင်ပိုင်းမှာ ခြစားမှု ကြီးကြီးမားမားရှိတယ်၊ နိုင်ငံခြားက ပူးပေါင်းကြံစည်မှုရှိတယ်ဆိုပြီး NLD အပေါ် စွပ်စွဲချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်တာ၊
- ဒေါ်လာဘီလီယံနဲ့ချီတဲ့ ကျားကန်မှုအစီအစဉ် အပါအဝင် စီးပွားရေးဦးမော့လာစေမယ့် ကိစ္စတွေကို ချက်ခြင်းလက်ငင်းဆောင်ရွက်တာ၊
- အနည်းဆုံး တိုင်းရင်းသားလက်နက်ကိုင်တစ်ချို့နဲ့ အပစ်ရပ်ရေး သဘောတူညီချက် ရအောင်ယူတာတွေပါ
တိုင်းရင်းသားလူမျိုးစုတွေ လက်ခံလာအောင် ကြိုးစားတာမျိုးလည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက် အောင်မြင်မလဲဆိုတာတော့ မှန်းဆဖို့ ခက်ပါတယ်။ ဗမာစကားပြောတဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းအတွင်း သဘောထားတင်းမာတဲ့ အမျိုးသားရေးအယူဆကို လှုံ့ဆော်ပေးမယ်ဆိုတာကတော့ လွယ်လွယ်ကူကူ ခန့်မှန်းနိုင်တဲ့ ကိစ္စမျိုးပါ။ ဘယ်လောက်အလုပ်ဖြစ်မလဲဆိုတာ ပြောဖို့ခက်ပါတယ်။ မြန်မာလူ့အဖွဲ့အစည်းဟာ သိသိသာသာကို ကွန်ဆာဗေးတစ် ဆန်တဲ့အတွက် သဘောထားတင်းမာတဲ့ အမျိုးသားရေးအမြင်တွေဟာ ထိရောက်မှု တော်တော်ရှိပါတယ်။ ဒါပေမယ့် အမျိုးသားရေးဝါဒီတွေကြားထဲမှာ စစ်တပ်ကိုထောက်ခံမှုက သိပ်မမြင့်မားပါဘူး။ ခြစားတဲ့ စစ်ခေါင်းဆောင်တွေဟာ တရားမဝင် ဝင်လာတဲ့ မွတ်စလင်တွေ၊ တရုတ်တွေရန်ကနေ ’တိုင်းရင်းသားတွေကို မကာကွယ်ပေးဘူး’ ဆိုတဲ့အမြင်မျိုး တစ်ချို့ သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒီတွေမှာ ရှိနေပါတယ်။
မေးခွန်း – စစ်သားတွေနဲ့ရဲတွေ ဘက်ပြောင်းပြီး ဆန္ဒပြသူတွေနဲ့ ပူးပေါင်းရင် ဆန္ဒပြမှုက အောင်မြင်နိုင်ခြေရှိပါတယ်။ ဒါမျိုးဖြစ်လာနိုင်မလား။ မဖြစ်နိုင်ဘူးဆိုရင် ဘာ့ကြောင့် မဖြစ်နိုင်တာလဲ။
အဖြေ – ခေတ်သစ်မြန်မာ့သမိုင်းမှာ စစ်တပ်အတွင်း အထက်အမိန့်ကို သိသိသာသာ ဖီဆန်ပြီး ဘက်ပြောင်းတာမျိုး မရှိပါဘူး။ ကမ္ဘာပေါ်က အပြင်းထန်ဆုံး ပြည်တွင်းစစ်တွေထဲမှာပါတဲ့ စစ်ပွဲကို ၇၅ နှစ်လောက် မရပ်မနားတိုက်လာတဲ့စစ်တပ်ပါ။ ဘုန်းကြီးတွေအပါအဝင် အရပ်သားတွေအပေါ်မှာ အသက်သေစေလောက်အောက် နှိမ်နှင်းမှုမျိုးလုပ်ဖို့လည်း စစ်တပ်က နောက်မတွန့်ခဲ့ပါဘူး။ စစ်တပ်သာလျှင် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အယူအဆကို စစ်သားတွေ အသက် ၁၇ နှစ်လောက်ကတည်းက ရိုက်ထည့်ခဲ့တာပါ။ တစ်ခါတစ်လေ တပ်တွင်းမှာ သဘောထားမတိုက်ဆိုင်တာမျိုး ရှိပေမယ့် လူသိရှင်ကြား ကွဲပြဲတာမျိုးတော့ မရှိပါဘူး။ ရဲတစ်ချို့ ဘက်ပြောင်းကောင်းပြောင်းလိမ့်မယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အရေးပါတဲ့အဖွဲ့မျိုးမဖြစ်အောင် စစ်တပ်က လုပ်ထားပြီးသားပါ။
မေးခွန်း – အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စမ်းသပ်ကျင့်သုံးမှု ကျရှုံးသွားတယ်လို့ ပြောလို့ရမလား။ ဒါမှမဟုတ် တိုင်းပြည်က ဒီမိုကရေစီစနစ်ကို ကြုံခဲ့ဖူးတဲ့အတွက် ဒါကို ဖိနှိပ်ဖို့ ပိုပြီးခက်ခဲသွားမလား။
အဖြေ – ၂၀၁၀ ခုနှစ်မှာ စစ်ဗိုလ်ချုပ်မျိုးဆက်တစ်ခု အနားယူသွားတယ်။ စစ်တပ်က ရွေးကောက်တင်မြှောက်ခံ နိုင်ငံရေးသမားတွေနဲ့ အာဏာခွဲယူမယ့် ကပြား အစိုးရတစ်ခု ချန်ထားရေးဟာ အနားယူမယ့်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒါကို နေ့ချင်းညချင်း ထလုပ်တာမဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ နီးပါးလောက် စီစဉ်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေးလွတ်လပ်ခွင့်ကို မကြုံစဖူးပေးခဲ့ပြီး ဒါ့ကြောင့်ပဲ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ ဖြေလျော့ပေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကနေစပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မျိုးဆက်သစ် ဗိုလ်ချုပ်တွေနဲ့ အာဏာမျှယူခဲ့တယ်။ အစကတည်းကတင်းမာမှုတွေ ရှိခဲ့တာပါ။ ဒါဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ စီးပွားရေးတိုးတက်မှု သိသိသာသာ ရှိလာတဲ့ နိုင်ငံရေးပုံစံသစ်တစ်ခုဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းကို ပြန်လည်ပုံဖော်တာမျိုးပါ။ အလျင်အမြန်ဖွံဖြိုးလာတဲ့ ဒီလူ့အဖွဲ့အစည်းသစ်ဟာ အာဏာရှင်တွေကို ခုခံတွန်းလှန်နိုင်မလားဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်။
မေးခွန်း – အခုဆန္ဒပြမှုတွေဟာ အရင်မျိုးဆက်တွေနဲ့ ကွာခြားလား။ ဒီမိုကရေစီ ပြန်ရရေးသာမကဘဲ စီးပွားရေးမညီမျှမှုနဲ့ လူမျိုးရေးသွေးကွဲမှု တိုက်ဖျက်ရေးအတွက်ပါ သူတို့ တိုက်ပွဲဝင်ကြတာလား။ အခုဆန္ဒပြသူတွေရဲ့ နည်းစနစ်က အရင်ကထက် ပိုကောင်းလာလား။
ဖြေ – သန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ခဲ့ကြသူတွေပါ။ သူမသည်သာလျှင် နိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်လို့ သူတို့ မှတ်ယူထားပါတယ်။ တစ်ချို့တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် ထောက်ခံတာထက် စစ်တပ်ရဲ့လွှမ်းမိုးမှုကို ရင်ထဲအသည်းထဲက မနှစ်မြို့တာ၊ ကြမ်းကြုတ်ပြီး ခြစားလွန်းတဲ့ တစ်ကျော့ပြန် စစ်အာဏာရှင်စနစ်အောက်မှာ မိဘတွေရဲ့ဘ၀ ဖျက်ဆီးခံခဲ့ရသလို ဖြစ်လာမှာကို ကြောက်တာတွေကြောင့် ဆန္ဒပြထွက်ပြကြတာပါ။ မျိုးဆက်သစ်ဆန္ဒပြသူတွေဟာ မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာသလို နည်းပညာသစ်တွေကိုလည်း ကျွမ်းဝင်ပါတယ်။ နောက်ကြောင်းပြန်လှည့်ရင် ဒါတွေ အားလုံးကို သူတို့ ဆုံးရှုံးမှာပါ။ သူတို့ရဲ့ နည်းစနစ်တွေကလည်း တော်တော် အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲအတွက် ခိုင်မာတဲ့ဗျူဟာတစ်ခု ရှိလားဆိုတာ ရှင်းရှင်းလင်းလင်း မတွေ့ရပါဘူး။ လိုနေတာတစ်ခုက လူမျိုးရေးခွဲခြားမှု၊ မဖွံ့ဖြိုးမှု၊ လူတန်းစားမညီမျှမှု ဖြေရှင်းရေးကို အာရုံစိုက်ပြီး ကွဲလွယ်တဲ့ လူ့အဖွဲ့အစည်းကို စည်းလုံးစေကာ လူမျိုးရေးမတူညီမှုတွေကို ဘေးဖယ်ထားမယ့် ရေရှည်ကိုမျှော်တွေးတဲ့ အာဂျင်ဒါမျိုးပါ။
မေးခွန်း – စစ်တပ်ဟာ ကတိပေးထားတဲ့အတိုင်း တစ်နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပေးမယ့် စိတ်ဆန္ဒမျိုးရှိတယ်လို့ထင်လား။ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ နိုင်ခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲနဲ့ တူညီတဲ့ရလဒ်မျိုး ထွက်မလား။
အဖြေ – မူလအစီအစဉ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြန်ပါလာမှာ မဟုတ်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပထမဆုံးကျင်းပခဲ့တဲ့ ၂၀၁၀ ကပုံစံလို ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ဖြစ်ပြီး NLD က ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတဲ့ အခြေအနေအမျိုး တစ်ကျော့ပြန် ဖြစ်လာပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှမှု မရှိဘူးလို့ ပျက်ရယ်ပြုခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် အံ့ဩစွာနဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ အစိုးရတစ်ရပ် တက်လာပါတယ်။ မတူတာတစ်ခုက ၂၀၁၀ ရွေးကောက်ပွဲဟာ အသက် ၈၀ ထဲရောက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဆုတ်ခွာရေး ဗျူဟာဖြစ်ပါတယ်။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ဟာ အသက် ၆၄ နှစ်သာရှိသေးပြီး၊ အရပ်သားပုံစံနဲ့ အာဏာကို ဆက်ယူထားကောင်း ယူထားနိုင်ပါတယ်။
မေးခွန်း – ဂျိုးဘိုင်ဒန်အစိုးရက ပိတ်ဆို့မှုအသစ်တွေလုပ်ပြီး အာဏာသိမ်းမှုကို တုန့်ပြန်တယ်။ ထူးခြားမှုရှိမလားဗျ။ တရုတ်နဲ့ ရုရှားကရော ဗိုလ်ချုပ်တွေကို ဝင်ကယ်တာမျိုး လုပ်နေလား။
အဖြေ – မြန်မာဗိုလ်ချုပ်တွေဟာ ကမ္ဘာပေါ်မှာ အဖယ်ကျဉ်ခံရဆုံး နိုင်ငံရေးရေပေါ်ဆီအုပ်စု ဖြစ်ပါတယ်။ သူတို့ရဲ့ မိတ်ဆွေ၊ ရန်သူန်၊ အိပ်မက်ကောင်း၊ အိပ်မက်ဆိုး အားလုံး မြန်မာနိုင်ငံမှာပဲရှိပါတယ်။ ဗိုလ်ချုပ်အများစုဟာ ခရီးတောင်မသွားဖူးသလို နိုင်ငံခြားဘာသာစကားလည်းမတတ်၊ နိုင်ငံခြားမှာလည်း ပိုင်ဆိုင်မှု မရှိပါဘူး။ ဆင်းရဲလွန်းလို့ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေထက် သူတို့က ပိုပြီး အထီးကျန်ပါတယ်။ သူတို့ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေကြောင့် သူတို့ရဲ့ အဓိကနိုင်ငံရေးစီမံကိန်းတွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပိတ်ဆို့မှုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရင် စီးပွားရေးကို ပိုထိလာပြီး၊ သန်းနဲ့ချီတဲ့ သာမန်ပြည်သူတွေရဲ့ ဘ၀တွေလည်း ပိုအခြေအနေဆိုးလာပါလိမ့်မယ်။
ရုရှားကို ကျွန်တော်မသိပေမယ့် တရုတ်ကတော့ စစ်အစိုးရသစ်ကို မြန်မြန်ဆန်ဆန် ထောက်ခံမယ်လို့ မထင်ပါဘူး။ တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်တော်ကောင်းတဲ့ဆက်ဆံရေးရှိပြီး NLD ရဲ့ ဒုတိယသက်တမ်းအတွက် တော်တော်ကြီးကိုလည်း မျှော်လင့်ထားတာပါ။ စစ်တပ်က တရုတ်နဲ့ အဖုအထစ်တွေ ရှိပါတယ်။ စစ်တပ်ဟာ တရုတ်ကိုအစိုးရိမ်ဆုံး နိုင်ငံရေးအဖွဲ့တစ်ခုတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ အနည်းဆုံးတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အဓိကပံ့ပိုးပေးသူအဖြစ် စစ်တပ်က တရုတ်ကို ရှုမြင်ထားပါတယ်။ စစ်တပ်နဲ့ တရုတ်တို့အကြား သူ့အကျိုး ကိုယ့်အကျိုးအတွက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်လာတာမျိုး လာမယ့်လ အနည်းငယ်အတွင်း မြင်လာကောင်း မြင်လာရနိုင်ပါတယ်။
မေးခွန်း – ဒီလိုဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာ တရုတ်က ဘာဖြစ်စေချင်သလဲ။
အဖြေ – တရုတ်-မြန်မာဆက်ဆံရေးဟာ တော်တော်ရှုပ်ထွေးပါတယ်။ ၁၉၅၀ ပြည့်နှစ်တွေမှာ တရုတ်ကူမင်တန်အစိုးရရဲ့ အကြွင်းအကျန်တပ်တွေဟာ အမေရိကန်ရဲ့အကူအညီနဲ့ ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံထဲ ကျူးကျော်လာပြီး မြန်မာနိုင်ငံအရှေ့ပိုင်းက တောင်တန်းဒေသ တော်တော်များများကို သိမ်းပိုက်လိုက်တယ်။ မြန်မာစစ်တပ်ဟာ ဒီခြိမ်းခြောက်မှုကို အဓိကထားတုန့်ပြန်ခဲ့ရပြီး အမြစ်ပြတ်ဖို့ ၁၀ စုနှစ်တစ်ခုလောက် ကြာပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေမှာ တရုတ်စစ်တပ်ရဲ့ ကျောထောက်နောက်ခံနဲ့ ကွန်မြူနစ်တပ်တွေက ယူနန်ကနေပဲ မြန်မာနိုင်ငံထဲ ကျူးကျော်လာပြီး အဲဒီနေရာမှာပဲ ‘လွတ်မြောက်နယ်မြေ’ ထူထောင်တယ်။ ၁၉၈၉ ခုနှစ်မှာ ကွန်မြူနစ်သူပုန်ထမှု ပြိုလဲသွားပြီး လက်နက်ကိုင်တပ်ဖွဲ့အသစ်တွေ အလျှိုအလျှိုပေါ်လာကာ အဖွဲ့အားလုံး တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိပါတယ်။ ဒီတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းဟာ တရုတ်စကားပြောသူတွေဖြစ်ပြီး၊ ထိပ်တန်းအလွှာမှာလည်း တရုတ်လူမျိုး တော်တော်များများ ပါဝင်ပါတယ်။ အဲဒီဒေသဟာ တစ်နှစ်ကို စိတ်ကြွဆေးပြား ကန်ဒေါ် ၇၅ ဘီလီယံဖိုးလောက်ထွက်တဲ့ဒေသဖြစ်ပြီး၊ တရုတ်နိုင်ငံသားတွေအတွက် ဖန်တီးပေးထားတဲ့ ကာစီနိုရုံ ရာနဲ့ချီ ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း မြန်မာနိုင်ငံမှာ တရုတ်ရဲ့ စီးပွားရေးခြေရာဟာ တစ်ဖြည်းဖြည်း ကြီးလာပါတယ်။ မြန်မာနိုင်ငံက သိပ်ပြီး အားသက်တရော မရှိတဲ့အတွက် Belt and Road စီမံကိန်းက အခြေခံအအောက်ဦးလုပ်ငန်းတွေ ဖော်ဆောင်မှု နှေးကွေးနေပေမယ့် အခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ထောင်နဲ့ချီတဲ့ အသေးစား၊ အလတ်စား တရုတ်ကုမ္ပဏီတွေကတော့ သိသိသာသာကို ကြီးထွားလာပါတယ်။ နယ်စပ်ဒေသအပါအဝင် တစ်နိုင်ငံလုံး တည်ငြိမ်ရေး၊ ပြိုင်ဘက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံက စစ်ရေးမဟာမိတ် တည်ဆောက်တာကို တားဆီးဟန့်တားရေး၊ စီးပွားရေးဆက်ဆံမှု ပိုမိုနက်ရှိုင်းရေးဆိုတဲ့ တရုတ်ရဲ့ အရင်မူဝါဒက မပြောင်းလဲပါဘူး။ တစ်ချိန်တည်းမှာပဲ မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်တဲ့ဖက်ကနေ မရပ်တည်ဖို့ တရုတ်က လုပ်ဆောင်ပါလိမ့်မယ်။
မေးခွန်း – ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် အမေရိကန်နဲ့ တရုတ်တို့ ပူးပေါင်းပြီး ဗိုလ်ချုပ်တွေကို ဖိအားပေးမယ်လို့ ထင်လား။
အဖြေ – ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာဏာသိမ်းခင်က အခြေအနေမျိုးကို တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက ကျေနပ်ပါတယ်။ မတည်မငြိမ်ဖြစ်တာမျိုး နှစ်နိုင်ငံစလုံးက မမြင်ချင်ပါဘူး။ အထူးသဖြင့် တရုတ်ပါ။ အိန္ဒိယနဲ့ ဂျပန်တို့ကလည်း ဒီလိုပဲထင်ပါတယ်။ ကုလလုံခြုံရေးကောင်စီရဲ့ အထောက်အပံ့နဲ့အတူ သံတမန်ရေးရာ ခိုင်မာတဲ့ကြိုးပမ်းမှုတဲ့ အောင်မြင်ဖို့အခွင့်အလမ်း ပိုများပါတယ်။ ဒါပေမယ့် သူ့ရဲ့နောက်ဖေးပေါက်လို့ သတ်မှတ်ထားတဲ့ နိုင်ငံကကိစ္စမှာ ပြင်ပနိုင်ငံတစ်ခုနဲ့ ပူးပေါင်းဖြေရှင်းရေးကို တရုတ်က သဘောတူဖို့ သိပ်မလွယ်ပါဘူး။
မေးခွန်း – နိုင်ငံခြားတိုင်းပြည်တွေက အမှန်တကယ်ကူညီနိုင်တာမျိုး ရှိလားဗျ။
အဖြေ – စစ်အုပ်ချုပ်ရေး ပြန်လာမှုကို မကြိုက်ကြောင်း ဆန္ဒထုတ်ဖော်သူတွေကို ပံ့ပိုးပေးဖို့က အရေးကြီးတဲ့ ပထမအချက်ပါ။ နိုင်ငံတကာကနေ စစ်ရေးအရ ဝင်ရောက်ဖြေရှင်းပေးဖို့ ဆန္ဒပြသူတော်တော်များများက တောင်းဆိုတာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံပြဿနာကို ပြင်ပကမ္ဘာက ဝင်ရောက်ဖြေရှင်းပေးတော့မယ်ဆိုတဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်မျိုး မထားဖို့ အရေးကြီးပါတယ်။ ဒုတိယတစ်ချက်က (ကိုဗစ်နဲ့သက်ဆိုင်တဲ့ ကျန်းမာရေးအစီအစဉ်တွေ အပါအဝင်) အရေးပါတဲ့ အသက်ကယ်ရေး အကူအညီတွေကို ကာကွယ်ပေးဖို၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ အရင်အတိုင်းရှိနေေအာင် လုပ်ပေးဖို့ အလွန်အရေးကြီးပါတယ်။ စီးပွားရေးက ချာလပတ်ရမ်း၊ သန်းနဲ့ချီတဲ့ ပြည်သူတွေက ငွေမရှိ၊ ရွေးစရာလမ်းမရှိဘဲ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေအမျိုးကနေ နောက်တစ်နေ့မှာ ဒီမိုကရေစီစနစ်ကြီး ချက်ခြင်းလက်ငင်း ပေါ်လာတာမျိုး ဘယ်တုန်းကမှ မရှိပါဘူး။
မေးခွန်း – မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်နေတဲ့ အနောက်နိုင်ငံတွေ လွတ်နေတဲ့ အချက်မျိုး ရှိလား။ အနောက်နိုင်ငံတွေက နားလည်သင့်တာမျိုး ရောရှိလား။
အဖြေ – မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတင်မကဘဲ အခြား ပြဿနာတော်တော်များများလည်း တစ်ချိန်တည်းတစ်ပြိုင်တည်း ဖြစ်နေပါတယ်။ နှစ်ပေါင်း ၇၀ လောက် အကြမ်းဖက် ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရပြီး စိတ်ဒဏ်ရာရနေတဲ့ လူ့အဖွဲ့အစည်းပါ။ တောင်တန်းဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း အနည်းဆုံး ၂ ဒါဇင်ကျော်လောက်ရှိပြီး ပြည်သူ့စစ်အဖွဲ့တွေက ရာနဲ့ချီ ရှိပါတယ်။ (အကြီးဆုံးက အင်အား ၂၅၀၀၀ လောက်ရှိပြီး တရုတ်နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့ပါ) ဒုက္ခသည်တစ်သန်းလောက်ရှိပြီး နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေက သိန်းနဲ့ချီ ရှိပါတယ်။ နိုင်ငံတစ်ဝှမ်း အစိုးရအသင်းအဖွဲ့တွေက သိပ်ကိုအားနည်းတယ်။ အခွန်ကောင်းကောင်း မကောက်နိုင်သလို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှုတွေ လူတော်တော်များများကို မပေးနိုင်ပါဘူး။ ဘဏ္ဍာရေးမညီမျှမှု ပေါက်ကွဲလုနီးနီးဖြစ်နေချိန်မှာ ဘာသာရေးလူမျိုးရေး ခွဲခြားဆက်ဆံမှုတွေလည်း ရှိနေတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး ပြိုလဲလုနီနီး ဖြစ်ခဲ့တယ်။ တစ် ရက်ကို ၃၀၀၀ အောက်သာ ဝင်ငွေရှိတဲ့ လူတန်းစာက ၂၀၂၀ ဇန်နဝါရီမှာ ၁၆ ရာခိုင်နှုန်းရှိရာကနေ အောက်တိုဘာရောက်တော့ ၆၃ ရာခိုင်နှုန်း ဖြစ်လာတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အဓိက သယံဇာတတွေ တရုတ်ကို ရောင်းစားရတာမျိုး ပိုဖြစ်လာတယ်။ စီးပွားရေးမှာ အထွပ်အထိပ်ဖြစ်နေတာက စစ်တပ်မဟုတ်ဘဲ နိုင်ငံဖြတ်ကျော်လုပ်ငန်းနဲ့ ငွေရှာတဲ့ကွန်ယက်တွေဖြစ်ပြီး၊ ဒီအဖွဲ့တွေဟာ အားလုံးထက်လည်း အင်အားပိုကြီးပါတယ်။ နိုင်ငံရဲ့အနာဂတ်အတွက် ဘာလုပ်ရမလဲဆိုတာ အမှန်တကယ်နားလည်ဖို့ဆိုရင် စီးပွားရေးအခြေပြုတဲ့ ဒီလို နိုင်ငံရေးအခြေအနေတွေကို ခြေခြေမြစ်မြစ်သိထားဖို့ လိုအပ်ပါတယ်။
(Foreign Policy တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖော်ပြထားသည့် ဒေါက်တာသန်းမြင့်ဦး၏ အင်တာဗျူးကို ဘာသာပြန်ဆိုပါသည်)
Comments