ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁
M-Media
-ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရထံ အာဏာပြန်အပ်ဖို့အတွက် ဥရောပသမဂ္ဂက အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပြီး၊ အာဏာသိမ်းမှုနဲ့ တိုက်ရိုက်ပတ်သက်တဲ့သူတွေကို ပိတ်ဆို့အရေးယူသွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။
ဥရောပသမဂ္ဂ နိုင်ငံခြားရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီနေ့အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့တာပါ။
“စစ်အာဏာသိမ်းမှုမှာ တိုက်ရိုက်ပါဝင်တဲ့သူတွေနဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားရေးကို ပစ်မှတ်ထားပြီး အရေးယူဆောင်ရွက်ဖို့ ဥရောကသမဂ္ဂက အသင့်ရှိနေပါတယ်” လို့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့အတွက်လည်း ဥရောပသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဆန္ဒပြသူတွေအပေါ် တိုက်ခိုက်မှုတွေအတွက် ချက်ခြင်းလက်ငင်း အရေးယူဖို့ လိုအပ်ပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှု မြင့်တက်လာတာကို မြင်လာရပါတယ်” လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ပ် ဘော်ရဲလ်က ပြောပါတယ်။
ဘော်ရဲလ်ဟာ မန္တလေးမြို့မှာ ဆက်ကျော်သက် လူငယ်တစ်ဦးအပါဝင် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်နှိမ်နှင်းမှုကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။
လက်ရှိတင်းမာမှုတွေကို လျှော့ချပြီး အရေးပေါ်အခြေအနေ ကြေငြာထားတာကို ပြန်ရုပ်သိမ်းဖို့၊ လွှတ်တော်ကို ချက်ခြင်း ပြန်လည်ခေါ်ယူဖို့၊ ဥရောပသမဂ္ဂက တိုက်တွန်းခဲ့သလို၊ ပါဝင်ပတ်သက်သူတွေအားလုံး ဒီပြဿနာကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ဖြေရှင်းနိုင်ရေး ပံ့ပိုးကူညီသွားမယ်လို့ ဥရောပသမဂ္ဂရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေကို ပေးအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ပြီး၊ လူထုထိခိုက်မယ့် အရေးယူမှုတွေကို ရှောင်ရှားသွားမယ်လို့လည်း ဥရောပသမဂ္ဂက ပြောကြားခဲ့ပါတယ်။
Ref: Bloomberg
Comments