ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁
M-Media
-နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒါရဲ့ မနက်ဖြန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပေမယ့် မြန်မာနိုင်ငံကိုလာရောက်ဖို့ အစီအစဉ်ရှိနေဆဲလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တူကူ ဖိုက်ဇာယာဟ်က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကတိ မပျက်အောင် ဖိအားပေးမယ့် အစီအစဉ်တစ်ခု ဖော်ဆောင်ဖို့ အင်ဒိုနီးရှားက အာဆီယံနိုင်ငံတွေကို စည်းရုံးနေတယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက် မြန်မာပြည်သူတွေက အင်ဒိုနီးရှားကို ရှုတ်ချခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ မြန်မာနိုင်ငံကို မာဆူဒါ လာရောက်မယ့် အစီအစဉ်ကိုလည်း ဆန္ဒပြမှုတွေကြောင့် ဖျက်ခဲ့ပါတယ်။
“အခုအချိန်က မြန်မာနိုင်ငံကို သွားရောက်ဖို့ အချိန်အခါကောင်း မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံက သက်ဆိုင်သူတွေအားလုံးနဲ့ ဆက်သွယ်ပြီး ဒီကိစ္စကို ကူညီဆောင်ရွက်ပေးဖို့ အင်ဒိုနီးရှားက စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ဖိုက်ဇာယာဟ်က ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာဆူဒါဟာ မြန်မာနိုင်ငံကိစ္စ အဖြေထွက်ဖို့ အာဆီယံက ဆောင်ရွက်ပေးနိုင်ရေးအတွက် နောက်ပိုင်းမှာ လာရောက်ဖို့ လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံအရေးမှာ နိုင်ငံသားတွေရဲ့ သဘောထားအတိုင်း ဆောင်ရွက်ဖို့ရှိတယ်လို့ မာဆူဒါတစ်ယောက် မနေ့က ပြောကြားခဲ့ပါတယ်။
Ref: CNA
Comments