ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁
M-Media
-နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား လူနည်းစု အစ္စလာမ်ဘာသာဝင်တွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖမ်းဆီး ထောင်ချမှုတွေကို တရုတ်အစိုးရက ပိုလုပ်လာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ပြောကြားလိုက်ပါတယ်။
ဝီဂါတွေ မတရား ဖမ်းဆီးထောင်ချခံရမှုနဲ့ပတ်သက်ပြီး HRW က ဒီကနေ့မှာ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။
၂၀၁၆ ခုနှစ်ကတည်းက ရှင်ကျန်းပြည်နယ်မှာရှိတဲ့ ဝီဂါ စုစုပေါင်း ၂ သိန်း ၅ သောင်းကျော်လောက် ဒီလို ဖမ်းဆီးထောင်ချခံခဲ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“တရားဥပဒေအရလို့ ခေါင်းစဉ်တပ်ထားပေမယ့် ရှင်ကျန်းမှာ အကျဉ်းချခံရတဲ့ ဝီဂါတော်တော်များများဟာ သာမန်ပြည်သူတွေဖြစ်ပြီး သူတို့ရဲ့ နေ့စဉ်ဘ၀ အသက်ရှင်နေထိုင်မှုနဲ့ ဘာသာရေးကျင့်သုံးမှုတွေကြောင့် ပြင်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်” လို့ HRW က သုတေသနပညာရှင် မာယာဝမ်က ပြောပါတယ်။
အဲဒီလို မတရားထောင်ချမှုဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း သိသိသာသာကို မြင့်တက်လာခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ လူ ၄ သောင်း အကျဉ်းချခံခဲ့ရပြီး၊ ၂၀၁၇ ခုနှစ် တစ်သိန်းနီးပါးအထိ မြင့်တက်လာပါတယ်။
ဘယ်အစားအသောက်က စားလို့မရဘူး (ဟာရမ်ဖြစ်တယ်)၊ ဘယ်အစားအသောက်က စားလို့ရတယ် (ဟာလာလ်ဖြစ်တယ်) ဆိုတာမျိုး ပြောတာ၊ နိုင်ငံရပ်ခြားက ဆွေမျိုးအတွက် လက်ဆောင်ယူသွားတာ၊ အချင်းချင်း စကားများရန်ဖြစ်တာလို ကိစ္စတွေအတွက် ဖမ်းဆီးပြီး နှစ်ရှည် ထောင်ချတာမျိုးပါ။
ရဲတပ်ဖွဲ့၊ ရှေ့နေတွေနဲ့ တရားရုံးတွေဟာ ‘အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး’ ခေါင်းစဉ်နဲ့ မြန်မြန်ဆန်ဆန် တရားစွဲဆိုထောင်ချပြီး တော်တော်များများကတော့ အမှန်တကယ် ရာဇဝတ်မှုကျူးလွန်မှု မရှိသူတွေဖြစ်တယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူနည်းစု တစ်သန်းလောက်ကို အကျဉ်းစခန်းထဲမှာ ထိန်းသိမ်းပြီး လူမျိုးနဲ့ ဘာသာပျောက်အောင် လုပ်ဆောင်တာ၊ အမျိုးသမီးတွေကို သားကြောဖြတ်တာ၊ အဓမ္မလုပ်အားခိုင်းစေတာ စတဲ့ ညှမ်းပမ်းမှုပေါင်းစုံ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ထုတ်ခဲ့ကြပါတယ်။
ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်နဲ့ ကနေဒါ လွှတ်တော်တို့က သတ်မှတ်ထားပါတယ်။
“ရှင်ကျန်းမှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်နိုင်ရေး နိုင်ငံတကာက တရုတ်အစိုးရကို ဖိအားပိုပေးဖို့ လိုပါတယ်။ ဒါဟာ မတရား ဖမ်းဆီးထောင်ချခံရတဲ့သူတွေ ပြန်လည်လွတ်မြောက်ဖို့ အကောင်းဆုံး မျှော်လင့်ချက် ဖြစ်ပါတယ်” လို့ မာယာဝမ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Aljazeera
Comments