မတ် ၈၊ ၂၀၂၁
M-Media
-ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုအတွက် မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဥရောပသမဂ္ဂက လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
မတ်လ ၂၂ ရက်နေ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အတည်ပြုမယ့် ဆုံးဖြတ်ချက်မူကြမ်းမှာ အာဏာသိမ်းစစ်တပ်က အကျိုးအမြတ်ရနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ္ဍာရေးထောက်ပံ့မှုပေးနေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂဟာ ၂၀၁၈ ခုနှစ်ကတည်းက မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ စစ်ခေါင်းဆောင်အချို့ကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပြီး၊ အခု ပိတ်ဆို့မှုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကြီးကြီးမားမား အရေးယူမှုလည်း ဖြစ်ပါတယ်။
စစ်တပ်ကပိုင်တဲ့ ဦးပိုင်လုပ်ငန်း (MEHL)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို အဓိကထား အရေးယူမယ်လို့ ဥရောပသံတမန်တွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဥရောပ ရင်းနှီးမြှုပ်နှံသူတွေ၊ ဘဏ်လုပ်ငန်းတွေကို စစ်တပ်ရဲ့ ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ မပတ်သက်ဖို့ ပိတ်ပင်တားဆီးမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာအစိုးရကိုပေးနေတဲ့ အကူအညီပေးရေး ရန်ပုံငွေတွေကို ဥရောပသမဂ္ဂက ပြီးခဲ့တဲ့တစ်ပတ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။
ဥရောပသမဂ္ဂဟာ အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ရဲတို့က ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေအပေါ် သီးသန့် ပစ်မှတ်ထားအရေးယူဖို့လည်း စီစဉ်နေပါတယ်။ မည်သူမည်ဝါဆိုတဲ့ အမည်အတိအကျတော့ ထွက်မလာသေးပါဘူး။
Ref: Reuters
Comments