မတ် ၉၊ ၂၀၂၁
M-Media
-တစ်ချိန်က စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတို့အတွက် ကတိပြုရာနယ်မြေဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာစီးပွားရေးသမားတွေ လှည့်မကြည့်ချင်တော့တဲ့ အပယ်ခံနိုင်ငံ ဖြစ်လာပြီလို့ ရိုက်တာသတင်းဌာနက သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။
ရွေးကောက်ခံထားရတဲ့ အစိုးရကို ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး ကိုကိုကိုလာနဲ့ Facebook အပါအဝင် နိုင်ငံခြားကုမ္ပဏီ ၅၅ ခုလောက်က တိုင်းပြည်မှာ ဆက်ရှိမှာဖြစ်ပြီး ဝန်ထမ်းတွေကို အဖြစ်ပယ်ဘူးလို့ ကတိပြုခဲ့ကြတာပါ။
ဒါပေမယ့် တိုင်းပြည်စီးပွားရေး ယိုယွင်းလာတာ၊ ဆန္ဒပြမှု ကြီးထွားလာပြီး စစ်တပ်ရဲ့ သတ်ဖြတ်အကြမ်းဖက်မှုတွေ မြင့်မားလာတာကြောင့် တစ်လအကြာမှာတော့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဒီကတိကဝတ်ဟာ တစ်စတစ်စ အားနည်းလာပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာပဲ ဩစတေးလျ ရေနံကုမ္ပဏီ Woodside Petroleum က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် ကမ်းလွန်ရှာဖွေရေးအဖွဲ့ကို ပြန်ခေါ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ရှာဖွေမှုတွေ ဆက်လုပ်မယ်လို့ပြောပြီး တစ်ပတ်အကြာမှာ ဒီရုတ်သိမ်းမှု ပေါ်လာတာပါ။
အခုတစ်ပတ်မှာတော့ ကမ္ဘာကျော်ဖက်ရှင်တံဆိပ် H&M က ထုတ်လုပ်မှုနဲ့ ပို့ဆောင်မှု အခက်အခဲတွေကြောင့် မြန်မာစက်ရုံတွေကနေ အထည်သစ်တွေ မမှာတော့ဘူးလို့ ထုတ်ပြန်ပါတယ်။ H&M ဟာ မြန်မာနိုင်ငံက စက်ရုံ ၄၅ ခုကနေ အထည်တွေ မှာနေတာပါ။ အနာဂတ်မှာ ဆက်မှာမှာလား၊ မမှာဘူးလားဆိုတာကို H&M က ထုတ်မပြောပါဘူး။
Woodside Petroleum နဲ့ H&M နှစ်ခုစလုံးဟာ မြန်မာနိုင်ငံမှာ ဆက်ရှိနေမယ်လို့ အာဏာသိမ်းပြီးနောက်ပိုင်း ကြေငြာချက်ထုတ်တဲ့ လုပ်ငန်း ၅၅ ခုထဲမှာ ပါဝင်ပါတယ်။
နောက်ထပ် ကမ္ဘာ့ထိပ်တန်းလုပ်ငန်းတစ်ခုဖြစ်တဲ့ ဂျပန် အဖျော်ယမကာကုမ္ပဏီ Kirin Holdings Co ကလည်း အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ စစ်တပ်ပိုင်ကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်နေမှုကို ရပ်ဆိုင်းခဲ့ပါတယ်။
ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရေး၊ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေကို အာဏာသိမ်းစစ်ကောင်စီက ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုကြောင့် သေဆုံးသူ ၅၀ ကျော်လာပြီး တိုင်းပြည်ရဲ့ ပုံရိပ်လည်း သိသိသာသာ ကျဆင်းလာပါတယ်။
“ဒီလိုမျိုးတွေ လနဲ့ချီဆက်ဖြစ်နေရင် မြန်မာနိုင်ငံကနေ လုံး၀ထွက်မယ့် စီးပွားရေးလုပ်ငန်းတွေ ပေါ်လာအုံးမှာပါ” လို့ Center for Strategic and International Studies အဖွဲ့က အရှေ့တောင်အာရှဆိုင်ရာ ကျွမ်းကျင်သူ မာရေး ဟိုင်ဘာ့တ်က ပြောပါတယ်။
စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ၂၀၁၁ ခုနှစ် စစ်တပ်က ဒီမိုကရေစီအသွင်ပြောင်းမှု လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ဝင်ရောက်လာခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ကန်ဒေါ်လာ ၄.၇ ဘီလီယံအထိ ရောက်လာပါတယ်။
အခြေခံအဆောက်အဦး မပြည့်စုံတာ၊ ဓာတ်အားအလုံအလောက်မပေးနိုင်တာ၊ ဥပဒေအရ အာမခံချက်မရှိတာ၊ စီးပွားရေးတော်တော်များများကို စစ်တပ်က ချုပ်ကိုင်ထားတာတွေကြောင့် အာဏာမသိမ်းခင်ကတည်းက နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ ရုန်းကန်ခဲ့ရတာပါ။
စစ်အာဏာသိမ်းပြီးနောက် ပိုမိုဖြစ်ပွားလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အချိန်အတော်ကြာ တည်ငြိမ်ခဲ့တဲ့ စွမ်းအင်လုပ်ငန်းတွေအပေါ် ထိခိုက်လာဖို့ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက စစ်တပ်က ထိန်းချုပ်ထားပြီး အကျိုးအမြတ်အများအပြားရနေတဲ့ စွမ်းအင်လုပ်ငန်း Myanmar Oil and Gas Enterprise ကို ပိတ်ဆို့မှုတွေလုပ်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောခဲ့ပါတယ်။
၁၉၉၂ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တဲ့ ပြင်သစ်စွမ်းအင်လုပ်ငန်း Total က ဒီကိစ္စအတွက် မှတ်ချက်မပေးပါဘူး။ MOGE နဲ့ ကမ်းလွန်ဓာတ်ငွေ့ထုတ်လုပ်ရေး တွဲလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီ Chevron ပြောရေးဆိုခွင့်ရှိသူကတော့ ပိတ်ဆို့မှုတွေဖြစ်လာရင် အဲဒီစည်းကမ်းအတိုင်းသာ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီတွေလည်း အကြပ်ရိုက်လာပါတယ်။ အင်တာနက် ဝန်ဆောင်မှုတွေ ဖြတ်တောက်ခိုင်းတာတွေ ရှိလာသလို လူ့အခွင့်အရေးကို ခြိမ်းခြောက်တဲ့ ဆိုက်ဘာဥပဒေ ပြဌာန်းဖို့လည်း လုပ်ဆောင်လာပါတယ်။
နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ Telenor က ဆိုက်ဘာဥပဒေတွေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို လျော့ချကာ စစ်တပ်အာဏာကို ချဲ့ထွင်တာမျိုးဖြစ်တယ်လို့ ဆိုပြီး ခိုင်မာတဲ့ ဥပဒေမူဘောင်တစ်ရပ် ပြန်လည်အသုံးပြုဖို့ တိုက်တွန်းခဲ့ပါတယ်။
ကုလရဲ့ ၂၀၁၉ အချက်အလက်ရှာဖွေရေးအဖွဲ့မှာ ပါဝင်တဲ့ ပညာရှင် ခရစ် ဆီဒိုတီက စစ်တပ်ဟာ အစိုးရနေရာအားလုံးကို သိမ်းပိုက်ထားတာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပင်န်းအားလုံးကို ရပ်ဆိုင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကေအခြေစိုက် မြန်မာလူ့အခွင့်အရေးအဖွဲ့ Burma Campaign ကလည်း ဘယ်သူတွေနဲ့ အလုပ်လုပ်နေရလဲဆိုတာ ဆန်းစစ်ဖို့ အနောက်နိုင်ငံက နာမည်ကြီးကုမ္ပဏီတွေကို သတိပေးခဲ့ပြီး မြန်မာအလုပ်သမားတွေကိုတော့ မျက်ကွယ်မပြုဖို့ တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံခြား တံဆိပ်တွေဖြစ်တွေဖြစ်တဲ့ H&M၊ Adidas၊ Gap နဲ့ Zara တို့က အထည်မှာတဲ့မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား ၅ သိန်းလောက် ရှိပါတယ်။
စီးပွားရေးအကြံပေးအဖွဲ့ Control Risks က ဒါရိုက်တာ ဂျွန် ဘရေးက မြန်မာနိုင်ငံမှာ ဖိအားတွေများနေတဲ့ လုပ်ငန်းတွေအနေနဲ့ စစ်တပ်နဲ့ ကြံရာပါဖြစ်နေလားဆိုတာကို သုံးသပ်ဖို့လိုပြီလို့ ပြောကြားခဲ့ပါတယ်။
“မြန်မာပြည်သူတွေထံက ငွေကြေးကိုယူပြီး ပြည်သူတွေကို ဝန်ဆောင်မှုပေးနေတဲ့၊ မြန်မာ့စီးပွားရေး တိုးတက်အောင် ကူညီပံ့ပိုးပေးနေတဲ့ လုပ်ငန်းဆိုရင်တော့ လမ်းပေါ်မှာဖြစ်နေတဲ့ သတ်တာဖြတ်တာတွေမှာ ကြံရာပါနေတယ်လို့ ကျွန်တော်မထင်ပါဘူး”
Ref: Reuters
Comments