6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၅၊ ၂၀၂၁
M-Media

-ကနေဒါအခြေစိုက် လော်ဘီကုမ္ပဏီကိုငှားပြီး စစ်ကောင်စီက ပုံရိပ်ကောင်းအောင် ကြိုးစားပေမယ့် အောင်မြင်မှာမဟုတ်ဘဲ ငွေကြေးဖြုန်းတီးမှုသာ ဖြစ်လိမ့်မယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်ဂျာနယ်လစ် ဘာတေးလစ်တနာက သုံးသပ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အစ္စရေးထောက်လှမ်းရေးဟောင်း အရီ ဘင်-မနာရှီရဲ့ ကနေဒါအခြေစိုက် လော်ဘီလုပ်ငန်း Dickens & Madson ကို ကန်ဒေါ်လာ ၂ သန်းပေးပြီး အနောက်နိုင်ငံတွေမှာ သူတို့အတွက် ဝါဒဖြန့်ပေးဖို့ ငှားခဲ့တာပါ။

မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာကတော့ သမိုင်းကို ပြန်ကြည့်ရင် ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ဖုံးဖိဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပုံရိပ်ကောင်းဖို့ မြန်မာစစ်ခေါင်းဆောင်​တွေရဲ့ ကြိုးစားမှု မအောင်မြင်ခဲ့ဘူးလို့ ထောက်ပြပါတယ်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ လူထောင်ချီသတ်ဖြတ်ခဲ့ပြီးတဲ့နောက် စစ်ခေါင်းဆောင်​တွေဟာ နာမည်ကောင်းမရှိတဲ့ အမေရိကန် လော်ဘီကုမ္ပဏီ Van Kloberg and Associates ထံ ချဉ်းကပ်ပြီး ဝါဒဖြန့်ခိုင်းခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ အီရတ်က ဆက်ဒမ်ဟူစိန်၊ လိုက်ဘေးရီးယားက အာဏာသိမ်းခေါင်းဆောင် ဆမ်မြူယဲလ်ဒိုးတို့ အပါအဝင် ကမ္ဘာတစ်ဝှမ်းက ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေအတွက် လော်ဘီလုပ်ပေးခဲ့တာပါ။

ကုမ္ပဏီကိုတည်ထောင်သူ အက်ဒ၀ပ် ဗွန် ကလိုဘာ့ဂ်ဟာ ၂၀၀၅ ခုနှစ်က အီတလီနိုင်ငံ ရောမမြို့မှာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။

နောက်ပိုင်းမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေဟာ Jefferson Waterman၊ International Bain and Associates နဲ့ DCI Group တို့လို လော်ဘီလုပ်ငန်းတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံတကာမှာ ပုံရိပ်ကောင်းအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ခေါင်းဆောင်တွေအပေါ် ထားရှိတဲ့ အမြင်တွေ၊ ပိတ်ဆို့မှုတွေကို မပြောင်းလဲ မဖယ်ရှားနိုင်ခဲ့ပါဘူး။

အခု ဘင်မနာရှီရဲ့ လော်ဘီလုပ်ငန်းကလည်း စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖုံးဖိနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်က လော်ဘီလုပ်ငန်းနဲ့နီးစပ်တဲ့ ရင်းမြစ်တွေက Asia Times သတင်းဌာနကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ တရုတ်နဲ့ ပိုပြီးနီးစပ်လာတာက အာဏာသိမ်းရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ မြန်မာစစ်ခေါင်းဆောင်တွေက ဘင်မနာရှီကို ဝါဒဖြန့်ခိုင်းထားတာပါ။ ဒါဟာ တရုတ်ရဲ့လွှမ်းမိုးမှုကို ထိန်းညှိဖို့ ကြိုးစားနေတဲ့ ဂျိုးဘိုင်ဒန်အစိုးရ သဘောကျဖို့ ရည်ရွယ်တာ ဖြစ်ပုံရပါတယ်။

ဘင်မနာရှီက ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စအတွက် ဆော်ဒီအာရေဗျ၊ ယူအေအီးတို့နဲ့ ဆက်သွယ်ဆွေးနွေးနေတယ်လို့ ထုတ်ပြောထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ သတ်ဖြတ် မောင်းထုတ်ခံရတာတွေဟာ စစ်တပ်ကလုပ်တာမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်တာလို့လည်း သူက ဆိုပါတယ်။

အာဏာသိမ်းမှုအတွက် စစ်တပ်က အကြောင်းပြတဲ့ မဲစာရင်း မသမာမှုကိစ္စကို သက်သေပြမယ်လို့လည်း ဘင်မနာရှီက ပြောထားပါတယ်။

ဘာတေးလစ်တနာက ရိုဟင်ဂျာပြဿနာနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ဖယ်ကျဉ်မှုကို ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ဖက်ကို ပိုကပ်သွားတာမှန်ပေမယ့်၊ အာဏာသိမ်းစစ်ကောင်စီကလည်း သူတို့ရဲ့ အာဏာသိမ်းမှုအတွက် အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ လုပ်တော့မယ်၊ လုံခြုံရေးကောင်စီအတွက် တရုတ်ကို အရင်ကလိုပဲ ပြန်ပြီး မှီခိုရတော့မယ်ဆိုတာ သိထားပြီး ပြင်ဆင်ထားတယ်လို့ သုံးသပ်ပါတယ်။

အနောက်နိုင်ငံတွေကို ဆန့်ကျင်ပြီး တရုတ်ဖက်ပိုယိမ်းတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦး၀ဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီး ပြန်ခန့်တာ၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ တော်တော်လေးနီးစပ်ပြီး တရုတ်သတင်းဌာန Xinhua နဲ့ အင်တာဗျူးမှာ သမ္မတရှီကျင့်ဖျင်ကို ချီးကျူးကာ လေးစားအားကျတယ်လို့ ပြောခဲ့တဲ့ ဦးကိုကိုလှိုင်ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတာကို ဘာတေးလစ်တနာက ထောက်ပြပါတယ်။

ဦးကိုကိုလှိုင်ဟာ ရှီကျင့်ဖျင်ရဲ့ The Governance of China စာအုပ်ကို အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုခဲ့သူပါ။ တရုတ်နိုင်ငံ ကူမင်းမြို့ ယူနန်တက္ကသိုလ်က မြန်မာနိုင်ငံဆိုင်ရာ လေ့လာရေး အင်စတီကျူမှာ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ မောင်းထုတ်တာ၊ သူတို့ရဲ့နေအိမ်တွေကို မီးရှို့တာတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်က ဆောင်ရွက်တာကို ကမ္ဘာက သိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှဲချဖို့ စစ်ကောင်စီရဲ့ ဆောင်ရွက်မှုကို အနောက်နိုင်ငံတွေက လက်ခံဖို့ ခက်မယ်လို့ ဘာတေးလစ်တနာက ပြောပါတယ်။

အမေရိကန်အခြေစိုက် Carter Center အဖွဲ့၊ Asian Network for Free Elections အဖွဲ့နဲ့ ဥရောပသမဂ္ဂရဲ့ Election Observation အဖွဲ့တွေက စောင့်ကြည့်လေ့လာသူတွေဟာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတယ်လို့ ကောက်ချက်ချခဲ့တာကြောင့် စစ်ကောင်စီရဲ့ မဲစာရင်းမှားယွင်းလို့ အာဏာသိမ်းရတယ်ဆိုတဲ့ အကြောင်းပြချက်ကို နိုင်ငံတကာ လက်ခံမယ့်သူ သိပ်မရှိဘူးလို့လည်း သူက ထောက်ပြပါတယ်။

ဘင်မနာရှီဦးစီးတဲ့ လော်ဘီလုပ်ငန်း Dickens & Madson ရဲ့ အရှုပ်ကိုလည်း ဘာတေးလစ်တနာက ဆောင်းပါးမှာ ထည့်သွင်းရေးသားထားပါတယ်။
စစ်ခေါင်းဆောင်တွေကို လော်ဘီလုပ်ပေးမယ့် ကိစ္စအတွက် Dickens & Madson က အမေရိကန် တရားရေးဌာနကို တင်သွင်းအကြောင်းကြားရာမှာ အလုပ်အပ်တဲ့လူတွေရဲ့ အချက်အလက်အပြည့်အစုံလို မထိန်ချန်ဘဲ တင်ပြရမယ့် အချက်အလက်တွေ မပါဘူးလို့ ဒီစာရွက်စာတမ်းတွေကို လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဒါ့ကြောင့် Dickens & Madson ဟာ အမေရိကန်အာဏာပိုင်တွေဆီမှာ အာဏာသိမ်းစစ်ကောင်စီအတွက် အမှန်တကယ် ​လော်ဘီလုပ်ပေးပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာပါတယ်။

ဘင်မနာရှီကိုယ်တိုင်လည်း အရှုပ်အရှင်း မကင်းပါဘူး။ အီရန်ကို Hercules ပို့ဆောင်ရေး လေယာဉ် ၃ စီး ဥပ​ဒေပရောင်းချဖို့ ကြိုးစားမှုအတွက် ၁၉၈၉ ခုနှစ်က အမေရိကန်မှာ အဖမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တရားသေ လွတ်မြောက်ခဲ့ပါတယ်။ ဇင်ဘာဘွေက အာဏာရှင် ရောဘတ်မူဂါဘီနဲ့ ဇင်ဘာဘွေမှာမွေးဖွားတဲ့ မူးယစ်ရာဇာ ပေါလ်လီရူဇ်၊ ဆူဒန်က စစ်ဘုရင် မိုဟာမက် ဟမ်ဒန် ဒါဂါလိုတို့အတွက်လည်း ဘင်မနာရှီ က အလုပ်လုပ်ပေးဖူးပါတယ်။ ဒါဂါလိုဟာ ၂၀၁၄-၂၀၁၅ ခုနှစ်က ဒါဖာရ်မှာ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against humanity) ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးသတ်ဖြတ်တာကို တိုးမြှင့်လုပ်ဆောင်လာကြောင်း၊ ဒီကိစ္စအတွက် ဗီဒီယိုဓာတ်ပုံ အထောက်အထားတွေလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေကြောင်း ဘာတေးလစ်တနာက ထောက်ပြထားပါတယ်။

သူတို့ရဲ့အာဏာသိမ်ကို ထိပါးလာတဲ့ လက်နက်မဲ့ သာမန်ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုဟာ မှန်ကန်ကြောင်း အကြောင်းပြနိုင်ဖို့အတွက် လောဘီအဖွဲ့ကို ငှားရမ်းတာဟာ အတိတ်က ငွေကုန်ပြီး အရာမရောက်ခဲ့တဲ့ အခြေအနေကို စစ်ခေါင်းဆောင်တွေက သင်ခန်းစာမယူတာကို ပြသနေတယ်လို့ ဘာတေးလစ်တနာက နိဂုံးချုပ် သုံးသပ်ခဲ့ပါတယ်။

Ref: Asia Times

Comments are closed.