6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၉၊ ၂၀၂၁
M-Media

-ဗိုလ်ကြီးထွန်းမြတ်အောင်တစ်ယောက် မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ ရန်ကုန်က ပူနေတဲ့ ပလက်ဖောင်းပေါ်မှာ ထိုင်ချလိုက်ပြီး ကျည်ခွံတွေကို ကောက်ယူနေခဲ့ပါတယ်။ လည်ချောင်းထဲမှာ ပြို့တက်လာတယ်။ ဒီကျည်တွေဟာ ရိုင်ဖယ်သေနတ်မှာသုံးတဲ့ကျည်ဆိုတာ သူသိနေပါတယ်။ ပြည်သူလူထုကို ကျည်အစစ်နဲ့ ပစ်ခဲ့ကြတာပါ။

မတ်လအစောပိုင်းက အဲဒီညမှာပဲ Facebook အကောင့်ကို ဝင်ကြည့်တဲ့အခါ ရန်ကုန်မှာ အရပ်သားတော်တော်များများကို သူ့လို ယူနီဖောင်းဝတ်ထားတဲ့ တပ်မတော်စစ်သားတွေက သတ်ဖြတ်ခဲ့တယ်ဆိုတာ သူ တွေ့လိုက်ရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု​နဲ့ နာမည်ဆိုးနေတဲ့ ခြေမြန်တပ်မ ၇၇ က ဗိုလ်ကြီး ထွန်းမြတ်နိုင်အောင်ဟာ နောက်ရက်အနည်းငယ်အကြာမှာတော့ တပ်ကနေ ထွက်ပြေးပြီး လက်ရှိမှာ ပုန်းရှောင်နေပါတယ်။

“ကျွန်တော် တပ်ကို တော်တော်ချစ်တယ်ဗျ။ ဒါပေမယ့် တပ်နဲ့ တိုင်းပြည် နှစ်ခုထဲကတစ်ခုကို ရွေးရပြီဆိုရင် တိုင်းပြည်ကိုပဲရွေးပါလို့ စစ်သားတွေကို ကျွန်တော် သတင်းစကား ပါးချင်ပါတယ်”

အင်အား သန်းဝက်လောက် ရှိတယ်ဆိုတဲ့ တပ်မတော်ဟာ အထက်အောက် အမိန့်ပေးသမျှ နာခံရပြီး လူသတ်ဖို့ ပေါက်ဖွားလာတယ်လို့ မကြာခဏ ဖော်ပြခံရပါတယ်။ အရပ်သားအစိုးရ ဖြုတ်ချခံရကာ ဆန္ဒပြပွဲတွေဖြစ်လာတဲ့ ပြီးခဲ့တဲ့လကစလို့ စစ်တပ်က လူ ၂၄၀ ကျော် သတ်ထားပါတယ်။ ထောင်နဲ့ချီတဲ့သူတွေကို ဖမ်းဆီးတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ ခိုး၊ ဆိုး၊ လုယက်တာတွေကြောင့် စစ်တပ်ရဲ့ အရင်ကတည်းရှိခဲ့တဲ့ အပုပ်နံ့ဟာ ပိုပြီး ဟောင်ထလာပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် စနေနေ့ကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း အသေအပျောက်အများဆုံး နေ့တစ်နေ့ပါ။ လူပေါင်း ၁၀၀ ကျော် သေဆုံးတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြီး အသတ်ခံရသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ၂ ဦးနဲ့ ၅ နှစ်အရွယ် ၁ ဦးအပါအဝင် ကလေးငယ် ၇ ဦး ပါဝင်ပါတယ်။

အာဏာသိမ်းပြီးကတည်းက တပ်ကနေ ထွက်ပြေးသွားသူ ၂ ဦးအပါအဝင် စစ်တပ်အရာရှိ ၄ ဦးနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း မြန်မာနိုင်ငံကို နှစ်ပေါင်း ၆၀ လောက် အပြည့်အ၀ ထိန်းချုပ်လွှမ်းမိုးထားတဲ့ စစ်တပ်ထဲက ကကြိုးအစုံကို ကြားသိခဲ့ရပါတယ်။ စပြီး စစ်သင်တန်းတက်ကတည်းက မိမိတို့ဟာ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်သူတွေဖြစ်ပြီး မိမိတို့မရှိရင် တိုင်းပြည် ပြိုလဲသွားနိုင်တယ်လို့ စစ်တပ်က စစ်သားတွေကို ရိုက်ထည့်ပေးလိုက်တာပါ။

စစ်သားတွေဟာ နိုင်ငံအတွင်းမှာပဲ အခွင့်ထူးခံ အခြေအနေမျိုး ဖြစ်နေပြီး သူတို့ရဲ့ ဘ၀ရှင်သန်မှု၊ အလုပ်လုပ်ကိုင်မှု၊ လူ့အဖွဲ့အစည်းနဲ့ ဆက်ဆံမှုတွေဟာ သာမန်ပြည်သူလူထုနဲ့ ကွဲပြားခြားနားသလို အရပ်သား ပြည်သူလူထုထက် ခေါင်းတစ်လုံးပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကိုလည်း သွတ်သွင်းခံထားရပါတယ်။ အထက်အရာရှိတွေက တပ်တွင်းမှာရော Facebook မှာပါ စောင့်ကြည့်နေတယ်လို့ လက်အောက်ငယ်သားတွေကို ပြောထားတယ်။ မြို့ပြရဲ့ လမ်းတွေအပါအဝင် နေရာတိုင်းမှာ ရန်သူတွေ ရှိနေတယ်ဆိုတဲ့ အထင်အမြင်မျိုး ဖြစ်လာအောင် ဝါဒဖြန့် မှိုင်းတိုက်တာမျိုးကို ပုံမှန်အစာကျွေးသလိုမျိုး လုပ်ဆောင်ပါတယ်။

ကမ္ဘာ့အသိုင်းအဝိုင်းရဲ့အမြင်မှာတော့ ဒီထက်ပိုပါတယ်။ လက်နက်မဲ့ အရပ်သားတွေကို ပစ်သတ်ဖို့ အထက်အမိန့်ကို ပြန်မေးခွန်းထုတ်ခွင့်မရှိဘဲ လိုက်နာရတဲ့ တပ်ဖွဲ့အဖြစ် မြင်ကြတာပါ။အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး သဘောထားကွဲမှုတစ်ချို့ ရှိတယ်လို့ အင်တာဗျူးတဲ့ စစ်သားတွေက ပြောပေမယ့်၊ အင်အားအမြောက်အများ အမိန့်ဖီဆန် ဘက်ပြောင်းတာမျိုး မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် လာမယ့်နေ့ရက်တွေ၊ လတွေမှာ သွေးမြေကျမှုတွေ ထပ်ဖြစ်မယ့် အလားအလာ ရှိနေပါတယ်။

“စစ်သားအများစုဟာ ဦးနှောက်ကျင်း ခံထားရပါတယ်” လို့ အမေရိကန်က West Point လို မြန်မာနိုင်ငံမှာ နာမည်ကျော်တဲ့ စစ်တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။ နယူးယောက်တိုင်းမ်စ်နဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ အခြားအရာရှိ ၂ ဦးလိုပဲ သူကလည်း သူ့အမည်ကို ထုတ်ဖော်ပြောဆိုမှု မလုပ်ခဲ့ပါဘူး။ ဒီဗိုလ်ကြီးဟာ လက်ရှိမှာ တာဝန်ထမ်းဆောင်ဆဲဖြစ်တာကြောင့် လက်စားချေခံရနိုင်ချေ ရှိတဲ့အတွက် ဖြစ်ပါတယ်။

“တပ်မတော်ကို ကျွန်တော်ဝင်တာက တိုင်းပြည်ကို ကာကွယ်ဖို့ပါ။ ကိုယ့်ပြည်သူကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ စစ်သားတွေက ကိုယ့်ပြည်သူကို သတ်နေတာ မြင်ရတာ ကျွန်တော် အရမ်းဝမ်းနည်းပါတယ်”

တပ်မတော်ဟာ တိုင်းပြည် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကတည်းက စစ်တိုက်လာတာ ဖြစ်ပါတယ်။ ကွန်မြူနစ်ပျောက်ကြားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ စစ်တပ်ရဲ့ ဖိနှိပ်ဖြိုခွဲမှုကြောင့် တောထဲသွားပြီး လက်နက်ကိုင်ခဲ့တဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ စသဖြင့်ပါ။ တပ်မတော်လို တင်းကြပ် အဆက်ဖြတ်ခံထားရတဲ့ အဖွဲ့အစည်းအတွင်းမှာပဲ လူများစုဖြစ်တဲ့ ​ဗမာ+ဗုဒ္ဓ တွေဟာ မြန်မာနိုင်ငံက တစ်ခြားတိုင်းရင်းသားတွေထက်ပိုပြီး ချီးမြှောက်ခံရပါတယ်။ တိုင်းရင်းသားတွေဟာ စစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုကို ဆယ်စုနှစ်ချီ ခံလာရတာ ဖြစ်ပါတယ်။

ရန်သူဟာ ကိုယ့်အဖွဲ့အစည်းအတွင်းကလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ တပ်မတော်ရဲ့ အဓိကရန်သူဟာ ဒေါအောင်ဆန်းစုကြည်ဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့လ အာဏာသိမ်းမှုမှာ ဖြုတ်ချ၊ ထိန်းသိမ်းခံထားရပါတယ်။ သူမရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို တည်ထောင်သူပါ။

ဒီကနေ့ တပ်မတော်ရဲ့ရန်သူဟာ နိုင်ငံခြားကမဟုတ်ဘဲ ပြည်တွင်းကသူတွေ ဖြစ်နေပါတယ်။ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ သပိတ်တိုက်ပွဲတွေမှာ ပါဝင်တဲ့ သန်းပေါင်းများစွာသော ပြည်သူလူထုပါ။

တပ်မတော်နေ့ဖြစ်တဲ့ စနေနေ့က အာဏာသိမ်းခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ ပြည်သူထုကို အန္တရာယ်အားလုံးကနေ ကာကွယ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အရင်စစ်အာဏာရှင်က တည်ဆောက်သွားတဲ့ ဘန်ကာအပြည့်နဲ့ နေပြည်တော်က ကျယ်ပြောတဲ့ စစ်ရေးပြကွင်းမှာ တင့်ကားတွေ၊ စစ်သားတွေ တန်းစီ စစ်ရေးပြနေချိန် နိုင်ငံတစ်ဝှမ်းက မြို့ပေါင်း ၄၀ ကျော်လောက်မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေ၊ ဘေးမှာရှိနေတဲ့သူတွေပါမကျန် ပစ်ခတ်အကြမ်းဖက်ခဲ့ပါတယ်။

“စစ်တပ်အမိန့်ကို မလိုက်နာဘူး၊ စစ်တပ်ကို ဆန့်ကျင်တယ်ဆိုရင် ရာဇဝတ်ကောင်လို့ ယူဆတာကြောင့် ဆန္ဒပြသူတွေကို ရာဇဝတ်သားတွေအဖြစ် သူတို့က ရှုမြင်ကြတာပါ။ စစ်သားအများစုဟာ ဒီမိုကရေစီ အရသာကို သူတို့ဘ၀တစ်လျှောက်လုံး ဘယ်တုန်းကမှ မမြည်းစမ်းဖူးကြပါဘူး။ သူတို့ဟာ အမှောင်ကမ္ဘာထဲမှာပဲ နေထိုင်နေရတုန်းပါ” လို့ ဗိုလ်ကြီး ထွန်းမြတ်အောင်က ပြောပါတယ်။

အာဏာမသိမ်းခင် ၅ နှစ်လုံးလုံး တပ်မတော်ဟာ ရွေးကောက်ခံ အရပ်သားအစိုရနဲ့ အာဏာမျှဝေခဲ့ပေမယ့် တိုင်းပြည်ကိုတော့ ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ စစ်တပ်ဟာ ဧရာမ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ဘဏ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ အာမခံလုပ်ငန်းတွေ၊ စတော့စျေးကွက်၊ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း စသဖြင့် ပိုင်ဆိုင်ထားပါတယ်။

စစ်တပ်မှာ ရုပ်သံထုတ်လွှင့်ရုံ၊ ဂျာနယ်တိုက်တွေရှိသလို “သူရဲကောင်းတို့ ပျော်ရာမြေ” “အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ” စတဲ့ ရုပ်ရှင်တွေကို ရိုက်ကူးတဲ့ ရုပ်ရှင်လုပ်ငန်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ တပ်မတော် အကအဖွဲ့၊တပ်မတော် မြန်မာ့ဆိုင်းဝိုင်းတွေ၊ အမျိုးသမီးတွေ ယဉ်ကျေးပျူငှာစွာ ဝတ်ဆင်ဖို့ ထိန်းကျောင်းတဲ့အဖွဲ့တွေလည်း ရှိပါတယ်။

စစ်တပ်ထဲက စစ်သားအများစုနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ စစ်တပ်ဝန်းထဲမှာပဲ နေထိုင်ရပြီး သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း စောင့်ကြည့်ခံရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ဟာ ခွင့်ပြုချက်မရှိဘဲ ၁၅ မိနစ်ထက်ပိုပြီး အပြင်ထွက်ခွင့် မရတော့ပါဘူး။

“ခေတ်သစ်ကျွန်စနစ်ပဲလို့ ကျွန်တော် ပြောချင်တယ်ဗျ။ ကျွန်တော်တို့ဟာ စီနီယာတွေရဲ့ အမိန့်တိုင်းကို တစ်သွေမသိမ်း လိုက်နာရတယ်။ တရားရဲ့မလား၊ မတရားမှုများဖြစ်နေလားဆိုပြီး ပြန်မေးခွန်းထုတ်ခွင့် မရှိပါဘူး” လို့ အာဏာသိမ်းပြီးကတည်းက စစ်တပ်ကနေ ထွက်သွားတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

အရာရှိသားသမီးတွေဟာ တစ်ခြား အရာရှိသားသမီးတွေ ဒါမှမဟုတ် စစ်တက်နဲ့ဆက်နွယ်ပြီး အကျိုးအမြတ် အများအပြားရနေတဲ့ ခရိုနီတွေရဲ့ သားသမီးတွေနဲ့ လက်ထပ်လေ့ ရှိပါတယ်။ အောက်ခြေစစ်သားတွေကလည်း နောက်ထပ် အောက်ခြေစစ်သားမျိုးဆက်တစ်ခုကို မွေးထုတ်ပေးရပါတယ်။ အာဏာသိမ်းစစ်တပ်က အမည်ပေးထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဆိုတာကလည်း စစ်တပ်အသိုင်းအဝိုင်းက အကိုင်းအခက်တွေကို လက်လှည့်သင့်ရာ စားတော်ခေါ်ထားတာပါ။

နိုင်ငံရေးတံခါးဖွင့်ခဲ့တဲ့ ၅ နှစ်တာကာလမှာ လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို စစ်တပ်အတွက် ဖယ်ထားပေးရပါတယ်။ စစ်သားလွှတ်တော်အမတ်တွေဟာ အရပ်သားလွှတ်တော်အမတ်တွေနဲ့ မရောသလို ကန့်ကွက်တာကလွဲလို့ ဘာမှမလုပ်ပါဘူး။ အစိုးရရဲ့ အရေးအကြီးဆုံး ဝန်ကြီးဌာ ၃ ခုကလည်း စစ်တပ်လက်ထဲမှာပါ။

“ပြည်သူ့ဝန်ထမ်းဖြစ်ရတာကို ကျွန်တော် ပျော်ပါတယ်။ ဒါပေမယ့် စစ်သားတစ်ယောက်ဖြစ်ပြီဆိုရင် စစ်ခေါင်းဆောင်တွေရဲ့ကျွန် ဖြစ်ရသလိုပါပဲ။ ကျွန်တော် တပ်ကထွက်ချင်တယ်။ ဒါပေမယ့် ထွက်လို့မရဘူး။ ထွက်ရင် ထောင်ကျမှာပဲ။ ကျွန်တော် ထွက်ပြေးရင်လည်း ကျွန်တော့် မိသားစုတွေကို ဖမ်းဆီး နှိပ်စက်လိမ့်မယ်” လို့ ရန်ကုန်က စစ်ဆေးဆရာဝန်တစ်ယောက်က ပြောပါတယ်။

စစ်တပ်အသိုင်းအဝိုင်းက မျက်စိပိတ်နားပိတ်နေရတဲ့ သဘောသဘာ၀ကိုကြည့်ရင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားကို ဘာ့ကြောင့် စစ်ခေါင်းဆောင်တွေက လျှော့တွက်သလဲဆိုတာကို နားလည်ပါလိမ့်မယ်။ စိတ်ဓာတ်စစ်ဆင်ရေးအတွက် လေ့ကျင့်သင်ကြားပေးထားတဲ့ စစ်သားတွေဟာ Facebook က စစ်သားတွေကြိုက်တဲ့ ဂရုတွေထဲမှာ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ လုပ်ဇာတ်တွေကို ပုံမှန်လိုလို ရေးသား ဝါဒဖြန့်ကြတယ်လို့ ဆိုရှယ်မီဒီယာ ကျွမ်းကျင်သူတွေ၊ New York Times နဲ့ အင်တာဗျူးတဲ့ စစ်သားတွေက ပြောပါတယ်။

စစ်တပ်ရဲ့ လက်ကိုင်တုတ်ပါတီကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက နိုဝင်ဘာရွေးကောက်ပွဲမှာ အလဲထိုးလိုက်တာကို ရွေးကောက်ပွဲ မသမာမှုအဖြစ် တစ်ဦးနဲတစ်ဦး မယုံကြည်မှုတွေလွှမ်းမိုးတဲ့ စစ်တပ်ထဲမှာ ပုံဖော်ရတာ သိပ်မခက်လှပါဘူး။

ရေနံနဲ့ကြွယ်၀နေတဲ့ အာရပ်နိုင်ငံတွေရဲ့ ငွေကြေးအထောက်အပံ့နဲ့ မွတ်စလင်လူတစ်စုဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိပါတယ်။ စစ်ဗိုလ်ချုပ်တွေက သွားရောက် ကိုးကွယ်လေ့ရှိသူတွေ အပါအဝင် ထင်ရှားတဲ့ ဘုန်းကြီးတွေကလည်း အစ္စလာမ်ကိုတိုက်ဖျက်ဖို့အတွက် တပ်မတော်နဲ့ ဘုန်းကြီးတွေ စည်းလုံးညီညွတ်ရမယ်လို့ တရားဟောကြပါတယ်။

လုယူတိုက်ခိုက်တတ်တဲ့ အနောက်ကမ္ဘာဟာ မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်နိုင်တယ်လို့ တပ်မတော်က ဝါဒဖြန့်ထားပါတယ်။ ကမ်းရိုးတမ်းမှာရှိတဲ့ ရန်ကုန်မြို့ကနေ ကုန်းတွင်းပိတ်နေပြည်တော်ကို အခုရာစုအစောပိုင်းက စစ်ခေါင်းဆောင်တွေ ပြောင်းသွားရခြင်းရဲ့ အကြောင်းအရင်းတစ်ခုကလည်း ကျူးကျော်တိုက်ခိုက်ခံရမှာကို ကြောက်ရွံတဲ့အတွက်လို့ ယူဆရပါတယ်။

“အခုတော့ စစ်သားတွေဟာ နိုင်ငံခြားကျူးကျော်မှုကနေ တိုင်းပြည်ကို ကာကွယ်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပြည်သူလူထုကို သတ်ဖြတ်နေကြတာပါ” လို့ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။

သူ့ရဲ့တပ်ဖွဲ့ဟာ ဒေါသထွက်နေတဲ့ပြည်သူကို နှိမ်နှင်းဖို့အတွက် မြို့ကြီးတစ်ခုမှာ တပ်စွဲထားတာဖြစ်ပါတယ်။

စစ်တပ်က စိုးရိမ်နေတဲ့ ကျူးကျော်မှုဆိုတာ လေကြောင်း၊ ရေကြောင်းလို နည်းလမ်းမျိုးနဲ့မဟုတ်ဘဲ နိုင်ငံခြားက လွှမ်းမိုးထားတဲ့ လက်မဲကြီးဖြစ်ပါတယ်။ အမေရိကန် ပရဟိတသမားဖြစ်ပြီး၊ ဒီမိုကရေစီအရေး လှုပ်ရှားသူလည်းဖြစ်တဲ့ ဂျော့ဆိုးရော့စ်ဟာ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေကို ပိုက်ဆံအမြောက်အများထုတ်ပေးပြီး တိုင်းပြည်ကိုသိမ်းဖို့ ကြိုးစားနေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက စွပ်စွဲပါတယ်။ စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို နိုင်ငံခြားက ငွေကြေးထောက်ပံ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဗိုလ်ကြီးထွန်းမြတ်နိုင်က စစ်တက္ကသိုလ်ပထမနှစ်မှာ ၁၉၈၈ ခုနှစ် အရေးအခင်းက သွေးဆာနေတဲ့ တိရစ္ဆာန်တွေ စစ်သားတွေရဲ့ခေါင်းကို ဖြတ်တယ်ဆိုတဲ့ ဗီဒီယိုတစ်ခု သူတို့ကို ပြတယ်လို့ ပြောပါတယ်။ တကယ်တော့ အဲဒီနှစ်မှာ လူပေါင်းထောင်သောင်းချီကို စစ်တပ်က သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က သူ့လက်အောက်ကစစ်သားတစ်ယောက် လေးခွမှန်တယ်လို့ ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက် ပြည်သူတွေမှာတော့ ထိခိုက်ဒဏ်ရာရမှုဟာ အလွန်အင်မတန် များပြားတယ်ဆိုတာကို သူက ဝန်ခံခဲ့ပါတယ်။

တပ်မတော်ဖက်က Facebook ပို့စ်တွေမှာ စစ်သားတွေကို မီးလောင်ဗုံးတွေကိုင်ထားတဲ့ အကြမ်းဖက်ဆူပူဆန္ဒပြသူတွေက ဝိုင်းထားတယ်ဆိုတဲ့ ပို့စ်မျိုးတွေ မြင်ရမှာပါ။ ဒါပေမယ့် အဲဒီစစ်သားတွေဟာ ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်နှိပ်စက်၊ ကလေးငယ်တွေကိုသတ်၊ ဆန္ဒပြမှုမှာပါတဲ့သူတွေကို လေးဘေက်ထောက်သွားခိုင်း စသဖြင့် မျိုးစုံ ကျုးလွန်နေတာပါ။

New York Times နဲ့ အင်တာဗျူးခဲ့တဲ့ စစ်သားတွေက ပြီးခဲ့တဲ့နှစ်ပတ်အရင်ကစပြီး မိုဘိုင်းအင်တာနက်ဖြတ်မှုဟာ အထက်ကအမိန့်နဲ့ပတ်သက်လို့ မေးခွန်းထုတ်လာကြတဲ့ စစ်သားတွေအတွက် အဓိကရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ အရင်ကတည်းက ပြင်ပနဲ့ အဆက်ဖြတ်ခံထားရတဲ့ စစ်သားတွေကို လူထုနဲ့ ပိုဝေးသွားအောင် လုပ်လိုက်တာပါ။

အာဏာသိမ်းပြီး သိပ်မကြခင်မှာပဲ စစ်သားတစ်ချို့က ပြည်သူနဲ့အတူရှိကြောင်း Facebook မှာ ရေးတင်ကြပါတယ်။

“စစ်တပ်ကရှုံးနေပြီ။ ပြည်သူတွေ အရှုံးမပေးနဲ့။ နောက်ဆုံးမှာ အမှန်တရားကပဲ အနိုင်ရလိမ့်မယ်” လို့ လက်ရှိမှာ ပုန်းရှောင်နေရတဲ့ ဗိုလ်ကြီးတစ်ဦးက ပို့စ်တင်ခဲ့ဖူးပါတယ်။

တပ်မတော်ရဲ့ အမြင်ကျဉ်းမြောင်းမှုမှာ အခြားရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ စစ်တပ်ဟာ ဆယ်စုနှစ်ချီ စစ်မျက်နှာဖွင့်ပြီး ရန်သူမျိုးစုံကို တိုက်ခိုက်နေရတယ်။ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေရတဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်ပါတယ်။ သဘောထားကွဲလွဲမှု နည်းသထက်နည်းပြီး၊ သစ္စာစောင့်မှု မြင့်သထက်မြင့်ဖို့အတွက် မမှိတ်မသုန်နာခံတဲ့ စိတ်ထားမျိုး လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်တပ်ရဲ့ အကျအဆုံးစာရင်းကို နိုင်ငံတော်လျှို့ဝှက်ချက်လို့ သတ်မှတ်ထားတဲ့အတွက် ထုတ်ပြန်လေ့ရှိပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျဆုံးစစ်သားစာရင်းလို New York Times က ရရှိခဲ့တဲ့ ပေါက်ကြားစာရွက်စာတမ်းတွေအရ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စစ်သားတွေသေဆုံးမှုဟာ တစ်နှစ်ကို အနည်းဆုံး ရာနဲ့ချီရှိတယ်ဆိုတာ တွေ့ရပါတယ်။

တိုက်ပွဲမှာ ကျဆုံးသွားတဲ့စစ်သားရဲ့ ကျန်ရစ်သူဇနီးကို လူပျိုစစ်သားတွေက လက်ထပ်ရတာအစဉ်အလာဖြစ်နေတယ်လို့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။ ကျန်ရစ်သူ ဇနီးသည်က ခင်ပွန်းသစ် ဘယ်သူဖြစ်ရမယ်ဆိုတဲ့ ရွေးချယ်ပိုင်ခွင့် သိပ်မရှိဘူးလို့လည်း သူက ဆိုပါတယ်။

“စစ်သားအများစုဟာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခြင်းခံထားရပါတယ်။ သူတို့အတွက်တော့ တပ်မတော်ဟာ သူတို့ရဲ့ တစ်ခုတည်းသော ကမ္ဘာပါပဲ”

တိုင်းပြည်လူဦးရေရဲ့ ၃ ပုံ ၁ ပုံရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ တပ်မတော်ကို ရွံပြီးကြောက်တဲ့ အနေအထားမျိုးမှာ ရှင်သန်နေထိုင်နေရတာပါ။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှုးတွေက စစ်တပ်ဟာ အုပ်စုဖွဲ့အဓမ္မကျင့်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေအပါအဝင် လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တာတွေ ရှိတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဒီလိုကျူးလွန်မှုမျိုးတွေဟာ ကမ္ဘာမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပေမယ့် ကရင်၊ ကချင်နဲ့ ရခိုင်တို့လို အခြားတိုင်းရင်းသားတွေလည်း ဒီကျူးလွန်မှုတွေကို ခါးစီးခံလာခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မှာ ခြေမြန်တပ်မ ၇၇ နဲ့အတူ တာဝန်ထမ်းဆောင်စဉ် ဗိုလ်ကြီးထွန်းမြတ်အောင်တစ်ယောက် ဒေသခံတိုင်းရင်းသားတွေက သူတို့အပေါ် ရွံရှာမုန်းတီးတာကို ခံစားခဲ့ဖူးပါတယ်။ ချင်းလူမျိုးတစ်ဦးဖြစ်တာကြောင့် အခြားတိုင်းရင်းသားတွေ လူများစု ဗမာလူမျိုးတွေအပေါ် ကြောက်ရွံ့မှုကို နားလည်တယ်လို့ သူက ပြောပါတယ်။

လူတွေကို သေအောင်မပစ်ဘဲ ဒဏ်ရာရ​အောင်သာပစ်ခဲ့တယ်လို့ ဗိုလ်ကြီးထွန်းမြတ်အောင် ကပြောပေမယ့် သူဟာ ရှေ့တန်းမှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ အဲဒီကာလတစ်လျှောက်လုံးမှာ သူဟာ လူမျိုးစုရွာ တစ်ရွာနဲ့ပဲ ခင်မင်မှု တည်ဆောက်နိုင်ခဲ့ပါတယ်။

“စစ်သားတွေက သူတို့အပေါ် ကျူးလွန်ထားကြတော့ ပြည်သူတွေကလည်း စစ်သားဆိုရင် မုန်းနေကြတာ”

ဒါပေမယ့် တပ်မတော်က သူ့ကို ကယ်တင်ခဲ့ဖူးပါသတဲ့။ သူ့အသက် ၁၀ နှစ်အရွယ်မှာ မိခင်ကွယ်လွန်သွားခဲ့ပြီး ဖင်ကလည်း ယစ်ထုတ်ပါ။ တိုင်းရင်းသားလူနည်းစုတွေတက်တဲ့ ဘော်ဒါကျောင်း အပို့ခံရပြီး အဲဒီမှာ ထူးချွန်ခဲ့ပါတယ်။ စစ်တက္ကသိုလ်ရောက်တဲ့အခါမှာတော့ သူဟာ ရူပဗေဒနဲ့ အင်္ဂလိပ်စာတွေကို လေ့လာခဲ့ပါတယ်။

“စစ်တပ်ဟာ ကျွန်တော့်ရဲ့ မိသားစုပါ။ စစ်သားယူနီဖောင်းကိုတွေ့ရတိုင်း ကျွန်တော် အလိုလို ပျော်ရွှင်ပါတယ်”

ဖေဖော်ဝါရီ ၁ ရက်နေ့ အာရုံမတက်ခင်အချိန်မှာ ဗိုလ်ကြီးထွန်းမြတ်အောင် တစ်ယောက် နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ ဦးထုပ်ကို ကြိုးချည်ပြီး စစ်သုံးထရပ်ကားပေါ် တက်လိုက်ခဲ့ရပါတယ်။ စစ်သားတွေက အာဏာသိမ်းမှုအကြောင်း တိုးတိုးတိုးတိုးပြော​တာကို မကြားရခင်အထိ ဘာဖြစ်နေတယ်ဆိုတာကို သူ မသိပါဘူး။

“မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် ဆုံးရှုံးသွားပြီလို့ အဲဒီအချိန်မှာ ကျွန်တော် ခံစားလိုက်ရတယ်”

ရက်အနည်းငယ်အကြာမှာတော့ ဗိုလ်မှုးတစ်ယောက်က ကျည်ဆံသေတ္တာတွေကို ယူလာပါတယ်။ ရာဘာကျည်ဆံမဟုတ်ဘဲ ကျည်အစစ်တွေပါ။ အဲဒီညမှာတော့ သူ မျက်ရည်ကျခဲ့ပါတယ်။

“စစ်သားအများစုဟာ ပြည်သူကို ရန်သူလို့ မြင်နေကြတယ်ဆိုတာ ကျွန်တော် နားလည်သွားပါပြီ”

(New York Times တွင် ဖော်ပြထားသည့် ဆောင်းပါးကို In side Myanmar’s Army: ‘They See Protesters as Criminals’ လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.