ဧပြီ ၁၊ ၂၀၂၁
M-Media
-စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့အတွက် မြန်မာနိုင်ငံအပေါ် အကူအညီသစ်တွေ မပေးတော့ဘူးလို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆု မိုတီဂီက မနေ့မှာ ပြောကြားလိုက်ပါတယ်။
ဂျပန်ဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီ အများဆုံးပေးတဲ့ နိုင်ငံတွေထဲက တစ်ခုပါ။
နိုင်ငံခြားရေး၀န်ကြီး မိုတီဂီက အခုဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရှင်းလင်းတဲ့ သတင်းစကား ပါးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံအတွက် ဂျပန်ဟာ စီးပွားရေးအကူအညီ အများဆုံးပေးတဲ့နိုင်ငံပါ။ နောက်ပိုင်း အကူအညီအသစ် မပေးတော့ပါဘူး။ ကျွန်တောတို့ ပြတ်ပြတ်သားသားပဲ ရပ်တည်တာ ဖြစ်ပါတယ်”
မြန်မာနိုင်ငံအပေါ် စီးပွားရေး သိမ်းကျုံးပိတ်ဆို့တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း မိုတီဂီကက ဆိုပါတယ်။
“ဘယ်မူ၀ါဒက အမှန်တကယ် ထိရောက်မှုရှိလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘူး။ ပိတ်ဆို့မှုလုပ်ရင် ထိရောက်တယ်။ မလုပ်ရင် မထိရောက်ဘူးဆိုတာမျိုးလည်း မဟုတ်ပါဘူး”
ဂျပန်နိုင်ငံဟာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို စုစုပေါင်းအကူအညီ ယန်း ဘီလီယံ ၁၉၀ ပေးခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း နှစ်ရှည်ချေးငွေအကူအညီ ယန်း ၁ ထရီလီယံ၊ ကူညီထောက်ပံ့မှု ယန်း ဘီလီယံ ၃၀၀၊ နည်းပညာအကူအညီ ၈၈ ဘီလီယံ ပေးခဲ့တာ ဖြစ်ပါတယ်။
Ref: Nippon
Comments