ဧပြီ ၇၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာအတွက် အာဆီယံနိုင်ငံတွေက ပူးပေါင်းဖြေရှင်းတာကို ထောက်ခံမယ်လို့ ယူကေက ပြောကြားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ဖွင့်ဟလိုက်ပါတယ်။
ဖေဖောဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက မငြိမ်သက်မှုတွေ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအတွက် အာဆီယံက သိပ်မကြာခင်မှာ အထူးအစည်းအဝေးတစ်ရပ် ကျင်းပဖို့ ရှိပါတယ်။ အဲဒီ ကိစ္စအတွက် အင်ဒိုနီးရှားက ဦးဆောင်လှုံဆော်နေတာပါ။
“မြန်မာနိုင်ငံက အခြေအနေကို ဖြေရှင်းရေးမှာ ယူကေအပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက အာဆီယံကို ဘယ်လို ကူညီနိုင်လဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မတို့ ဆွေးနွေးခဲ့ပါတယ်” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရာအဘ်နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် မာဆူဒီက ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန်ဟာ အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ပိတ်ဆို့မှုတွေလည်း လုပ်ဆောင်ထားပါတယ်။
တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေး မူဝါဒကြောင့် အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ခြင်း မရှိတဲ့အတွက် ဝေဖန်မှုတွေ ခံနေရတာပါ။
မာဆူဒီနဲ့ ရာအဘ်တို့ တွေဆုံမှုအတွင်း အာဆီယံနိုင်ငံတွေ တရုတ်နဲ့ ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကိစ္စ၊ တရုတ်ရဲ့ စစ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
Ref : Reuters
Comments