ဧပြီ ၉၊ ၂၀၂၁
M-Media
-ပိုင်နက်အငြင်းပွားတာတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်က ရွှံ့တူးဖော်တဲ့ လေ့ကျင့်မှုတစ်ခုကို ဒီကနေ့မှာ စတင်လိုက်ပါတယ်။
တရုတ် သိပ္ပံပညာရှင်တွေနဲ့ သုတေသန ပညာရှင်တွေဟာ ပြည်တွင်းလုပ် ရေအောက်တူးဖော်ရေးစနစ် Sea Bull II ကို တောင်တရုတ်ပင်လယ်ရဲ့ အမည်မဖော်ပြတဲ့ နေရာတစ်ခုမှာ စမ်းသပ်သွားမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ ကမ်းလွန်ပင်လယ်မှာ ဓာတ်ငွေ့သိုက် ရှာဖွေရေးအတွက် အကူအညီဖြစ်စေမှာပါ။
တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူတို့ပိုင်တယ်လို့ တရုတ်က ကြေငြာထားပြီး မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဘရူးနိုင်း နိုင်ငံတွေနဲ့ ပိုင်နက်အငြင်းပွားမှုတွေ ရှိနေတာပါ။
ဖိလစ်ပိုင်နဲ့ အငြင်းပွားနေတဲ့ ကျွန်းတစ်ခုမှာ တရုတ် ရေကြောင်းပြည့်သူစစ်တွေရဲ့ ငါးဖမ်းသင်္ဘော ၂၀၀ လောက် ရောက်နေမှုအတွက် တောင်တရုတ်ပင်လယ်အခြေအနေက တင်းမာနေတာပါ။
ကြာသာပတေးနေ့က အရပ်သားတွေ၊ ဂျာနယ်လစ်တွေ တင်ဆောင်ထားတဲ့ ဖိလစ်ပိုင်သင်္ဘောတစ်စီးကို တရုတ်ရေတပ်သင်္ဘောက လိုက်ဖမ်းတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပြီး ရေပိုင်နက်ငြင်းပွားမှုကို ဖြေရှင်းရေးအတွက် နည်းလမ်းအားလုံးကို စဉ်းစားထားတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံတွေကလည်း လေယာဉ်တင်သင်္ဘောအပါအဝင် ရေတပ်ရဲ့ တစ်စိတ်တစ်ပိုင်းကို တောင်တရုတ်ပင်လယ်ထဲ ပြောင်းရွှေ့ထားပါတယ်။
Ref: Aljazeera
Comments