News @ M-Media

နျူစက်ရုံကို အစ္စရေးက တိုက်ခိုက်မှု လက်တုန့်ပြန်မည်ဟု အီရန်ထုတ်ပြန်

ဧပြီ ၁၂၊ ၂၀၂၁
M-Media

-နိုင်ငံအလယ်ပိုင်း နျူစက်ရုံမှာ ဓာတ်အားပြတ်တောက်သွားခြင်းဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်ပြီး ဒီအတွက် တုန့်ပြန် လက်စားချေသွားမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

နာတန့်ဇ်မြို့က အဲဒီမြေအောက်စက်ရုံဟာ အီရန်နျူစီမံကိန်းက အရေးပါတဲ့ နေရာတစ်ခုဖြစ်ပြီး တနင်္ဂနွေနေ့အစောပိုင်းက ဓာတ်အားပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မနက် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ဇာရစ်ဖ်က ဒီကိစ္စကို အစ္စရေးအာဏာပိုင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ပြန်ဆွေးနွေးနေတဲ့ နျူသဘောတူညီချက်ကို တားဆီးဟန့်တားဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

​နျူသဘောတူညီချက်မရအောင်လုပ်တဲ့ ထောင်ချောက်ကို အီရန်က အမိခံမှာမဟုတ်ဘဲ အစ္စရေးကို တုန့်ပြန် လက်စားချေသွားမယ်လို့လည်း ဇာရစ်ဖ်က ဆိုပါတယ်။ နာတန့်ဇ်နျူစက်ရုံကို အရင်ကထက် ပိုမိုတောင့်တင်းအောင် ဆောင်ရွက်သွားမယ်လို့ သူက ကတိပြုခဲ့ပါတယ်။

အစ္စရေး ရေဒီယို Kan က အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့ဟာ နာတန့်ဇ်စက်ရုံကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ထောက်လှမ်းရေးအရာအရှိတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ အစ္စရေးအစိုးရကတော့ ဒီကိစ္စအတွက် မှတ်ချက်မပေးခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဒီစက်ရုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစ္စရေးလက်ချက်လို့ အီရန်က ထုတ်ပြန်ပါတယ်။

Ref: Aljazeera