ဧပြီ ၂၇၊ ၂၀၂၁
M-Media
-စစ်ကောင်စီက ပြည်သူတွေအပေါ် ဆိုးဆိုးရွားရွား အကြမ်းဖက်မှုအတွက် တုန်လှုပ်ခြောက်ခြားမိတယ်လို့ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက ပြောကြားလိုက်ပါတယ်။
အိုဘားမားဟာ သူအာဏာရှိစဉ်က စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျော့ပေးကာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အားပေးခဲ့သူပါ။
မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ မြန်မာ့အရေးမှာ စစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူတဲ့ ဘိုင်ဒန်အစိုးရနဲ့ အခြားတိုင်းပြည်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။
“၁၀ စုနှစ်တစ်ခုလောက် လွတ်လပ်ခွင့်ရပြီးနောက်ပိုင်း စစ်တပ်က သူတို့အလိုကျဖြစ်ဖို့ တရားမဝင် ရက်စက်စက် လုပ်ဆောင်နေတာကို ပြည်သူတွေက လုံး၀လက်ခံဘူးဆိုတာ ရှင်းပါတယ်။ ကမ္ဘာကြီးကလည်း လက်မခံသင့်ပါဘူး”
လူသတ်အစိုးရကို ပြည်သူလူထုက ဆန့်ကျင်တာကြောင့် မတည်ငြိမ်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာပြီး၊ ကျရှုံးနိုင်ငံဖြစ်မယ့်အန္တရာယ် ရှိတယ်ဆိုတာ အိမ်နီးချင်းနိုင်ငံတွေက သိဖို့လိုအပ်တယ်လို့လည်း အိုဘားမားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီမိုကရေစီအနာဂတ်ကိုရဖို့ ကြိုးပမ်းကြသူတွေအနေနဲ့ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအားလုံးနဲ့ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားကြဖို့လည်း သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
“အမှောင်ကျတဲ့ကာလပါ။ မြန်မာပြည်သူ တော်တော်များများရဲ့ စည်းလုံးမှု၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေအပေါ် အလေးထားမှုကို မြင်ရတဲ့အတွက် ကျွန်တော် လေးစားအားကျမိပါတယ်။ အနာဂတ်မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားတဲ့ ခေါင်းဆောင်တွေကနေတစ်ဆင့်သာ ပေါ်ထွက်လာမယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်”
Ref: CNA
Comments