မေ ၂၈၊ ၂၀၂၁
M-Media
-အီရန်နဲ့ ဆက်ဆံရေးကောင်းမွန်ချင်ပြီး အီရန်ကို တိုးတက်ထွန်းကားတဲ့နိုင်ငံတစ်ခု ဖြစ်စေချင်တယ်လို့ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပါတယ်။
ဆော်ဒီနဲ့ အီရန်တို့ဟာ အရှေ့အလယ်ပိုင်းက ရန်ဘက်နိုင်ငံတွေဖြစ်ပြီး ဒေသတွင်း ပြဿနာတွေမှာ ဆန့်ကျင်ဖက်အဖွဲ့တွေဖက်ကနေ ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။
ဆော်ဒီက ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်မှုနောက်ဆက်တွဲ ၂၀၁၆ အီရန်မှာ ဆန္ဒပြသူတွေက ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်သွားတာဖြစ်ပါတယ်။
ဒါပေမယ့် နှစ်ဖက်အဆင့်မြင့်အရာရှိတွေဟာ ဆက်ဆံရေးကောင်းအောင် လျှို့ဝှက်ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ သတင်းထွက်ခဲ့ပါတယ်။
မနေ့က အရှေ့အလယ်ပိုင်း ရုပ်သံတစ်ခုနဲ့ အင်တာဗျူးမှာ ဆော်ဒီအိမ်ရှေ့မင်းသား ဘင် ဆလ်မန်က အီရန်အပေါ် ပျော့ပြောင်းတဲ့မှတ်ချက်မျိုး ပေးခဲ့ပါတယ်။
“အီရန်ဟာ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တယ်။ အီရန်နဲ့ ကောင်းမွန်ပြီးထူးခြားတဲ့ ဆက်ဆံရေးမျိုးကို ကျွန်တော်တို့ မျှော်လင့်တောင့်တပါတယ်။ အီရန်နိုင်ငံ ခက်ခဲကြပ်တည်းနေတာမျိုး ကျွန်တော်တို့ မလိုလားဘူး။ အီရန်ကို တိုးတက်ထွန်းကားစေချင်ပြီး ဒေသတွင်းနဲ့ ကမ္ဘာကြီးကို သာယာ၀ပြောမှုဆီ တွန်းပို့ပေးချင်ပါတယ်”
အီရန်ရဲ့ အပြုသဘောမဆောင်တဲ့ အပြုအမူတွေကို အဖြေရှာဖို့အတွက် ဒေသတွင်း မိတ်ဖက်၊ ကမ္ဘာ့မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဘင် ဆလ်မန်က ဆိုပါတယ်။
“ဒါတွေကို ကျော်လွှားပြီး အားလုံးအတွက် အကျိုးရှိစေမယ့် ဆက်ဆံရေးမျိုး အီရန်နဲ့ တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
Ref: Aljazeera
Comments