ဧပြီ ၃၀၊ ၂၀၂၁
M-Media

-အာကာသမှာ ကိုယ်ပိုင်စခန်း တည်ဆောက်နိုင်ရေးအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုကို တရုတ်နိုင်ငံက ကြာသာပတေးနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
အဲဒီ အာကာသစခန်းကို Tiangong လို့ အမည်ပေးမှာဖြစ်ပြီး စခန်းရဲ့ အစိတ်အပိုင်းဖြစ်လာမယ့် Tianhe စလင်ဒါကို ဟိုင်နန်ကျွန်းက Wenchang အာကာသစင်တာကနေ လွှတ်တင်လိုက်တာပါ။
အာကာသယာဉ်မှူး ၃ ဦး ထိန်းချုပ်မယ့် Tiangong အာကာသစခန်းကို ၂၀၂၂ ခုနှစ်မှာ အပြည့်အ၀လည်ပတ်နိုင်ဖို့ တရုတ်က စီစဉ်ထားပါတယ်။ လက်ရှိ အမေရိကန်ရဲ့ နိုင်ငံတကာအာကာသစခန်း ISS ကို ၂၀၂၄ ခုနှစ်မှာ အသုံးပြုမှု ရပ်ဆိုင်းခဲ့ရင် Tiangong ဟာ အာကာသက တစ်ခုတည်းသော လူရှိတဲ့စခန်း ဖြစ်လာမှာ ဖြစ်ပါတယ်။
အာကာသစခန်း တည်ဆောက်ဖို့အတွက် အစိတ်အပိုင်းနဲ့ လူတွေကို တရုတ်က ၁၁ ကြိမ် လွှတ်တင်ရမှာပါ။ အခုနှစ်အလယ်ပိုင်းမှာ ကုန်တင်အစိတ်အပိုင်းနဲ့ လောင်စာဆီဖြည့် အစိတ်အပိုင်းတွေကို လွှတ်တင်ကာ Tianhe နဲ့ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အာကာသစခန်း ISS မှာ တရုတ်ပါဝင်ခွင့်မရအောင် အမေရိကန်က ပိတ်ပင်ထားပါတယ်။ တရုတ်ကတော့ သူတို့ရဲ့ Tiangong အာကာသစခန်းမှာ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခွင့်ပြုပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: Asia Times
Comments