မေ ၄၊ ၂၀၂၁
M-Media
-မြန်မာ့အရေး ဖြေရှင်းရာမှာ သံတမန်နည်းလမ်းနဲ့ ပိုမိုအားထုတ်ဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က တိုက်တွန်းလိုက်ပြီး ဒီလိုမှမဟုတ်ရင် ပြည်တွင်းစစ်ကြီးအထိ ဦးတည်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ကုလမသဂ္ဂ လုံခြုံရေးကောင်စီရဲ့ မေလအတွက် ဥက္ကဌရာထူးကို ရယူမယ့် သံအမတ် ကျန်းကျွင်းဟာ ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။
မြန်မာ့အရေး မှတ်ချက်ပေးရာမှာတော့ မြန်မာနိုင်ငံဟာ မိမိတို့ရဲ့ ‘အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်’ ဖြစ်ပြီး အာဆီယံ၊ ကုလအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာတို့ရဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်မှုကို အပြည့်အ၀ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုကို မိမိတို့ မနှစ်မြို့ပဲ အကိုင်အတွယ်မတတ်ရင် ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်တဲ့အထိ အခြေအနေ ဆိုးရွားသွားနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
“မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်ရောက်ရေး၊ သက်ဆိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးအကြား အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေမူဘောင်အတွင်းက ဆွေးနွေးညှိနှိုင်းကာ နိုင်ငံရေးအရ အဖြေရှာနိုင်ရေး အားပေးတဲ့ အခင်းအကျင်းမျိုး ကျွန်တော်တို့ ဖန်တီးပေးရပါမယ်”
စစ်အာဏာသိမ်းမှုဟာ ရွေးကောက်ပွဲကိစ္စ အမြင်မတူမှုကြောင့် ဖြစ်လာတာဖြစ်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ဒီကိစ္စအပေါ်မှာ အဖြေရှာရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် တရုတ်နိုင်ငံက သံတမန်နည်းလမ်းကို ပိုပြီး အားသန်တာဖြစ်ကြောင်း ကျန်းကျွင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်မှုတွေကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းမှုတွေကနေ အဖြေရှာနိုင်ရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးကို မိမိတို့က အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။
Ref: ABC News
Comments