မေ ၇၊ ၂၀၂၁
M-Media
-အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေ စတင်ထွက်ခွာနေတဲ့အချိန် နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဆည် Dahla Dam ကို တာလီဘန်တွေက သိမ်းပိုက်လိုက်ပါတယ်။
ကန်ဒါဟာဒေသမှာရှိတဲ့ အဲဒီဆည်ကနေ ဒေသတွင်းက လယ်ယာတွေ၊ လူတွေအတွက် စိုက်ပျိုးရး၊ သောက်သုံးရေ ပေးနေတာဖြစ်ပါတယ်။ တာလီဘန်တွေဟာ ဒီဆည်ရရှိရေး တိုက်ခိုက်နေတာ သီတင်းပတ်အနည်းငယ် ကြာနေပါပြီ။
တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ကာရီ ယူစွဖ် အဟ်မဒီက ဆည်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ကူတောင်းခဲ့ပေမယ့် ဆည်ကိုတော့ ပြန်မရခဲ့ဘူးလို့ အာဖဂန်အစိုးရ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
ကန်ဒါဟာပြည်နယ်နဲ့ကပ်ရပ် ဟဲလ်မန်းပြည်နယ်မှာလည်း တာလီဘန်က တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။
Dahla ဆည်ဟာ လွန်ခဲ့တဲ့ နှစ် ၇၀ အရင်က အမေရိကန်ကနေ ဆောက်ပေးထားတာဖြစ်ပြီး ကန်ဒါဟာပြည်နယ်က ခရိုင် ၇ ခုကို ရေပေးဝေဖို့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ဆည်ရဲ့ ရေသိုလှောင်မှု တိုးချဲ့မယ့် စီမံကိန်း ဖော်ဆောင်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ကန်ဒေါ်လာ သန်း ၃၅၀ ထုတ်ချေး ထားပါတယ်။
နှစ်ပေါင်း ၂၀ နီးပါး တပ်စွဲထားတဲ့ အမေရိကန်တပ်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားကာ အာဖဂန်နစ္စတန်ကနေ ရုပ်သိမ်းမှာဖြစ်ပြီး ပြီးခဲ့တဲ့လမှာ စတင် ဆုတ်ခွာခဲ့ကြပါတယ်။
အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် သိသာတဲ့ တိုးတက်မှုမျိုး မရသေးပါဘူး။
Ref: Alarabiya
Comments