မေ ၉၊ ၂၀၂၁
M-Media
-ယူကေနိုင်ငံ လန်ဒန်မြို့က မွတ်စလင်မြို့တော်ဝန် ဆာဒစ်ခန်းဟာ ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခံလိုက်ရပါတယ်။
အတိုက်အခံ လေဘာပါတီက ဆာဒစ်ခန်းဟာ ၂၀၁၆ ခုနှစ်က လန်ဒန်မြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်တင်မြောက်ခံခဲ့ရတာပါ။ အခုရွေးကောက်ပွဲမှာ ထောက်ခံမဲအရေအတွက် ၅၅.၂ ရာခိုင်နှုန်း ရခဲ့ပြီး အာဏာရ ကွန်ဆာဗေးတစ်ပါတီက ရှောင်ဘီလီကို ၁၁ ရာခိုင်နှုန်းကျော် အသာနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
“ကမ္ဘာပေါ်က ထိပ်တန်းမြို့တော်တစ်ခုကို ဆက်လက်ဦးဆောင်ဖို့ လန်ဒန်မြို့သူမြို့သားတွေက ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိပါတယ်” လို့ ဆာဒစ်ခန်းက ပြောကြားခဲ့ပါတယ်။
လူဦးရေ ၉ သန်းရှိတဲ့ လန်ဒန်မှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ဆာဒစ်ခန်းက မဲဆွယ်ခဲ့တာပါ။
အခုဒုတိယသက်တမ်းမှာ မတူညီတဲ့လူ့အဖွဲ့အစည်းတွေအကြား ပေါင်းကူးပေးရေး၊ မြို့တော်ကောင်စီနဲ့ အစိုးရအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်ရေး အာရုံစိုက် ဆောင်ရွက်သွားမယ်လို့လည်း ဆာဒစ်ခန်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊ ပိုမိုစိမ်းလန်းတဲ့မြို့၊ သာတူညီမျှရှိတဲ့ အနာဂတ်ကို တည်ဆောက်ရာမှာ လန်ဒန်ကို တစ်စိတ်တစ်ပိုင်း ပါစေချင်တယ်”
ငယ်ငယ်က ရုန်းကန်ကြိုးစားလာခဲ့ရတဲ့ဘဝကို ဘယ်တော့မှ မမေ့ဘူးလို့လည်း အနိုင်ရမိန့်ခွန်းမှာ ခန်းက ပြောကြားခဲ့ပါတယ်။
“မြို့တော်ကောင်စီကပေးတဲ့အိမ်ယာမှာ ကျွန်တော် ကြီးပြင်းလာရတယ်။ ပြောင်းရွှေ့အခြေချသူတွေက မွေးဖွားလာတဲ့ ကျွန်တော်ဟာ အလုပ်သမားလူတန်းစားက ဖြစ်ပါတယ်။ အခုတော့ ကျွန်တော် လန်ဒန်မြို့တော်ဝန်ဖြစ်နေပါပြီ။ လန်ဒန်သားဆိုတာ အမြဲတမ်း လန်ဒန်သားပါပဲ”
Ref: Aljazeera
Comments