မေ ၁၅၊ ၂၀၂၁
M-Media
-ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက လေကြောင်းကနေတိုက်ခိုက်မှု ၆ ရက်ဆက် ဖြစ်လာတဲ့အချိန် သေဆုံးသူအရေအတွက်က အနည်းဆုံး ၁၄၀ လောက် ရှိလာပြီ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ် ၄၀ လောက် ပါဝင်ပြီး၊ ဒဏ်ရာရသူက ၉၅၀ လောက် ရှိပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူနေ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျပျက်ဆီးမှုလည်း မြင့်တက်လာပါတယ်။
ပြီခဲ့တဲ့ သီတင်းပတ်အနည်းအငယ်အတွင်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။
ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေးကလည်း တနင်္လာနေ့မှာပဲ ဂါဇာကို လေကြောင်းကနေ တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။
ပါလက်စတိုင်း အနောက်ဖက်ကမ်းမှာလည်း ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းနေအိမ်ကို လုယူတာ၊ အုပ်စုဖွဲ့ကာ ပါလက်စတိုင်းတွေကို တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာပြီး တင်းမာမှုတွေက ပိုမြင့်လာပါတယ်။
အနောက်ဖက်ကမ်းမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်း အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပါတယ်။
Ref: Aljazeera
Comments