6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၆၊ ၂၀၂၁
M-Media

-ပြီးခဲ့တဲ့သောကြာနေ့ ရန်ကုန်မြို့က စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးလေးလုံးကွဲကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပါတယ်။ တိုင်းပြည်မှာ ကာလရှည်ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ တိုင်းရင်းသားဒေသတွေကနေ မြို့ပေါ်အထိ ပြန့်နှံ့လာတယ်ဆိုတဲ့ လက္ခဏာပါ။

ဒီပေါက်ကွဲမှု၊ စစ်တပ်ရဲ့ အားနည်းတဲ့ပစ်မှတ်တွေ လတ်တလော တိုက်ခိုက်ခံရမှု၊ စစ်ကောင်စီက ဆန္ဒပြသူ ၈၀၀ ကျော်ကို သတ်ဖြတ်မှုကိုကြည့်ပြီး မြန်မာနိုင်ငံက မတည်ငြိမ်မှုဟာ ကျရှုံးနိုင်ငံဖြစ်မယ့် အနေအထားအထိ ထိန်းချုပ်မရအောင် မြင့်တက်လာနိုင်တယ်လို့ တစ်ချို့တွေက ထင်မြင်ချက်ပေးလာကြပါတယ်။

ကြီးမားတဲ့တိုက်ပွဲ၊ သွေးချောင်းစီးမှု၊ ဒုက္ခသည်ပြဿနာတွေနဲ့ မြန်မာနိုင်ငံဟာ ဆီးရီးယားလို ပြည်တွင်းစစ်မျိုး ဖြစ်မယ့်အနေအထားကို ရောက်နေတယ်လို့ လေ့လာစောင့်ကြည့်သူ တော်တော်များများက ယုံကြည်နေကြပေမယ့်၊ လုံး၀ကျရှုံးနိုင်ငံဖြစ်မယ့် အနေအထားကို အတားအဆီးဖြစ်စေတဲ့ အကြောင်းအရင်းတစ်ချို့လည်း ရှိနေပါတယ်။

မြို့ပြဒေသတွေမှာ စစ်ကောင်စီက လူသေ​စေနိုင်လောက်တဲ့အထိ အင်အားသုံးဖြိုခွဲမှုကြောင့် ပြင်းထန်တဲ့လူထုအုံကြွမှု ပေါ်ပေါက်နေတဲ့ အချိန်မှာပဲ၊ တိုင်းရင်းသားဒေသတွေမှာ အရင်ကတည်းရှိနေတဲ့ ပြည်တွင်းစစ်ကလည်း အရှိန်ပိုကောင်းလာပါတယ်။

တိုင်းရင်းသားဒေသတွေမှာ တည်ငြိမ်တယ်လို့ ပြောလို့ရတဲ့အနေအထားဟာ မတ်လ ၂၅ ရက်နေ့ KIA က စစ်တပ်ရဲ့ ဗျူဟာမြောက် အလောဘွမ်တောင်ကုန်းကို သိမ်းပိုက်မှုကြောင့် ပျက်ဆီးသွားခဲ့ပါတယ်။ ဒီနောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ပေါ်လာပြီး တပ်မတော်ရဲ့ စခန်းတွေ အသိမ်းခံခဲ့ရပါတယ်။

မတ်လနှောင်းပိုင်းမှာ ကရင်လွတ်မြောက်ရေးအဖွဲ့ KNLA ရဲ့ တပ်မဟာ ၅ က ကရင်ပြည်နယ် သံလွင်မြစ်​နားမှာရှိတဲ့ အရေးပါတဲ့ စစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်အဖွဲ့ KNLA ဟာ ဖာပွန်မြို့နယ်က သံလွင်မြစ်ပေါ်မှာရှိတဲ့ စစ်တပ်စခန်း အနည်းဆုံး ၂ ခုကို သိမ်းပိုက်ခဲ့ပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းက KNLA လှုပ်ရှားတဲ့ အခြားဒေသတွေမှာတော့ စစ်ပွဲတွေ ပြတ်တောင်းပြတ်တောင်းသာ ဖြစ်နေပါတယ်။

တအန်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် MNDAA တို့ကလည်း ရှမ်းပြည်နယ်မှာ စစ်ကောင်စီစခန်းတွေကို မကြာသေးခင်က တိုက်ခိုက်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းက ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကတော့ အခုအချိန်အထိ အသံသိပ်မထွက်သေးပါဘူး။

ဒါပေမယ့် အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေရဲ့ ​မြို့ပြက တိုက်ပွဲတွေဟာ ဆီးရီးယားလိုအခြေအနေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အမြင်တွေကို ပိုမိုအားကောင်းစေပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းကမြို့တွေမှာ အစောပိုင်းက အကြမ်းမဖက်တဲ့ ဆန္ဒပြသူတွေဟာ စတင်စုဖွဲ့ပြီး လေးခွတွေ၊ လက်လုပ်လေသေနတ်တွေ၊ ဓာတ်ဆီဗုံးတွေ၊ အရည်အသွေး သိပ်မကောင်းတဲ့ လက်လုပ်​ဗုံး (IED) တွေကိုင်ဆောင်ကာ ခုခံလာကြပါတယ်။

နောက်ထပ် ပြင်းထန်တဲ့အရွေ့တစ်ခုက စစ်ကောင်စီ တာဝန်ရှိသူတွေ၊ စစ်ကောင်စီသတင်းပေးလို့ သူတို့ထင်တဲ့သူတွေကို လုပ်ကြံတာမျိုးပါ။

ဆန္ဒ​ပြသူတွေ ခုခံကာကွယ်မှုကနေ တန်ပြန်တိုက်ခိုက်မှုကို ပြောင်းလဲလာတာ ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာတင် မဟုတ်တော့ပါဘူး။

ပြည်တွင်းစစ်အဆိုးရွားဆုံးအချိန်မှာတောင် လက်နက်ကိုင်လှုပ်ရှားမှု ​ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့တဲ့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာလည်း ရွာသားတွေဟာ ကာကွယ်ရေးပြည်သူ့စစ်တွေဖွဲ့စည်းကာ တူမီးသေနတ်တွေကိုင်ဆောင်ပြီး စစ်ကောင်စီတပ်ကို ချုံခိုတိုက်ခိုက်တာ​တွေ လုပ်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်ရင်းသားလက်နက်ကိုင်တွေကြားက အချိတ်အဆက်ပိုရှိလာတာကို ဖော်ပြနေတာကတော့ မကွေးနဲ့ မိတ္ထီလာတို့က လေတပ်စခန်းနှစ်ခု ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။

အဲဒီမြို့နှစ်ခုစလုံးမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လက်နက်ကိုင်လှုပ်ရှားမှု မရှိခဲ့ပါဘူး။ ဒုံးကျည်တွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကပေးတာ သေချာပေမယ့် ပစ်တာကတော့ သေခံတွေက ပစ်တာ၊ ဒါမှမဟုတ် ဒေသခံတွေ လမ်းကြောင်းပြပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကပစ်တာ နှစ်ခုစလုံး ဖြစ်နိုင်ပါတယ်။ မေလ ၁၅ ရက်နေ့မှာ တောင်ငူက လေတပ်စခန်းတစ်ခု ဒုံးကျည်နဲ့ ထပ်ပစ်ခံရပါတယ်။

မကြာခင်ကဖွဲ့စည်းထားတဲ့ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ဖွဲ့စည်းကြောင်း မေလ ၅ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ရန်ကနေ ပြည်သူတွေကိုကာကွယ်ဖို့ ရည်ရွယ်တယ်ဆိုတဲ့ ဒီအဖွဲ့က အသစ်ပေါ်လာတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို တရားဝင်သွားစေပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတစ်ဝှမ်း ဒေသန္တရ PDF အဖွဲ့တွေဖွဲ့စည်းကြောင်း ကြေငြာချက်တွေ နေ့စဉ် ထွက်ပေါ်လာပါတယ်။ အများစုဟာ လူများစု ဗမာလူမျိုးတွေရဲ့ ဒေသမှာဖြစ်ပြီး တစ်ချို့တွေက တိုင်းရင်းသားပြည်နယ်တွေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတော်တော်များများ နယ်စပ်ဒေသတွေဆီ သွားရောက်ကာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ စစ်ပညာ သွားသင်နေကြပါပြီ။

ဒါဟာ တပ်မတော်ကို အပြီးတိုင်ဖြုတ်ချရေးဆိုတဲ့ ဘုံရည်ရွယ်ချက်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အရင်ကတည်းကရှိခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စုစည်းသွားကြပြီး တစ်နိုင်ငံလုံးပြန့်နှံ့မယ့် ပြည်တွင်းစစ်ကြီးတစ်ခု ဖြစ်လာတော့မယ့် အခင်းအကျင်းမျိုးပါ။

ပဋိပက္ခဖြစ်ပွား​ရာနေရာတွေ ကျယ်ပြန့်ကာ လက်နက်ကိုင်တိုက်ခိုက်ရေးသမား အရေအတွက် မြင့်တက်လာပေမယ့် ကြီးမားပြင်းထန် ဆုံးရှုံးမှုကြီးမယ့် ပဋိပက္ခတွေ ဖြစ်လာဖို့ မသေချာတဲ့ အကြောင်းအရင်းတွေလည်း ရှိနေပါတယ်။

အကြောင်းအရင်းတစ်ခုက တပ်မတော်ကိုယ်တိုင်ဖြစ်ပါတယ်။ အရပ်သားတွေကို သတ်ဖြတ်ဖို့ ချဉ်ခြင်းတက်နေတဲ့ ကြမ်းကြုတ်တဲ့အဖွဲ့အစည်းအဖြစ် ဆက်ရှိနေပေမယ့် ဝေးလံခေါင်ဖျားဒေသတွေမှာ သူတို့ရဲ့ တုန့်ပြန်မှုဟာ အတိုင်းအတာတစ်ခုအထိ ထိန်းထိန်းသိမ်းသိမ်းရှိတယ်ဆိုတာကို သမိုင်းကြောင်းနဲ့ယှဉ်ကြည့်ရင် တွေ့နိုင်ပါတယ်။

သံလွင်မြစ်နားက စစ်စခန်းတွေကို KNLA တပ်မဟာ ၅ ရဲ့ အရဲကိုးတိုက်ခိုက်မှုကို တုန့်ပြန်ရာမှာ အပုပ်နံ့တစ်ထောင်းထောင်းထတဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ် အကြီးစားစစ်ဆင်ရေးအစား ဖာပွန်မြို့က အရပ်ဖက်ပစ်မှတ်တွေကို လေကြောင်းကနေသာ တိုက်ခိုက်ပါတယ်။ ကချင်ပြည်နယ်က အလောဘွမ်တောင်ကုန်းကို ပြန်ရဖို့မှာလည်း မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးတိကျအောင် ဆောင်ရွက်ပါတယ်။

အကယ်၍ နိုင်ငံအနောက်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တို့က ထိုးစစ် ဆက်လုပ်လာမယ်ဆိုရင် လာမယ့်လအနည်းငယ်အတွင်း တပ်မတော်ဟာ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတစ်ခု ဒါမှမဟုတ် အများအပြား ဆောင်ရွက်လာမယ့် အလားအလာ များနေပါတယ်။

နိုင်ငံအလယ်ပိုင်း မြို့ပြမှာ တပ်မတော်ဟာ ဒရုန်းလေယာဉ်တွေကို ပိုမိုအသုံးပြုလာပြီး၊ နိုင်ငံအနောက်မြောက်ပိုင်းမှာလည်း PDF တပ်ဖွဲ့တွေရဲ့တည်နေရာနဲ့ ပစ်မှတ်တွေကို မြေပြင်တပ်တွေသိဖို့ တပ်မတော်က ဒရုန်းတွေကို အသုံးပြုလာပါတယ်။ ဒါပေမယ့် သိပ်တော့ မများပါဘူး။

တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF အဖွဲ့တွေက ပိုမို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြမှာ အသေအချာပါပဲ။ ဒီနေရာမှာ နိုင်ငံတစ်ဝှမ်း ပြန့်နှံလာမယ့် ​ကြီးမားတဲ့ပြည်တွင်းစစ်ကို အကန့်အသတ်ဖြစ်စေနိုင်တဲ့ အကြောင်းအချက်တွေ ရှိနေပါတယ်။

လက်နက်တပ်ဆင်မှု၊ ရိက္ခာနဲ့​ ထောက်ပို့စနစ် အများကြီးပိုကောင်းတဲ့ တပ်မတော်ကို ထိုးစစ်၊ ခံစစ်တွေ ရေရှည်ဆောင်ရွက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NUG နဲ့ PDF တို့မှာ လက်နက်ခဲယမ်းထောက်ပံ့ပေးမယ့် ပြည်ပမိတ်ဆွေတွေ၊ နယ်စပ်ဖြတ်ကျော် ခိုလှုံနိုင်မယ့်နေရာတွေ လုံလုံလောက်လောက်လောက် မရှိပါဘူး။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံရေး၊ ပထဝီရေးရာနဲ့ ထောက်ပို့ကိစ္စတွေအတွက် အိမ်နီးချင်းနိုင်ငံတွေကို မှီခိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒါမျိုးမဟုတ်တော့ပါဘူး။

မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ပိုဖြစ်လာစေမယ့် အခြေအနေမျိုး လုပ်ပေးဖို့ ထိုင်းနဲ့ တရုတ်တို့က သိပ်စိတ်မပါတော့ပါဘူး။ အထူးသဖြင့် တရုတ်နိုင်ငံဟာ ခါးပတ်တစ်ကွင်းလမ်းတစ်စင်း (BRI) စီမံကိန်း၊ မြန်မာနိုင်ငံကို ကန့်လတ်ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကိုပေါက်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေလို မဟာဗျူဟာမြောက် အရေးပါတဲ့ အကျိုးစီးပွားတွေ အများအပြား ရှိထားပါတယ်။

၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ စီးပွားရေးအဆက်အသွယ် တည်ဆောက်ဖို့ ကြိုးစားလာတဲ့ ထိုင်းနိုင်ငံဟာ သူတို့ရဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အားတက်သရော ထောက်ပံ့မှုမျိုး မလုပ်တော့ပါဘူး။ ဒါကို ​’စစ်မြေပြင်မှ စျေးကွက်သို့’ မူဝါဒလို့ သမုတ်ကြပါတယ်။

ဒုက္ခသည်အများအပြား လှိမ့်ဝင်လာတာ၊ နယ်စပ်ကရွာတွေ အတိုက်ခံရတာ၊ နိုင်ငံဖြတ်ကျော် မူးယစ်မှောင်ခိုမှု မြင့်တက်တာ စတာတွေ ဖြစ်စေမယ့် ထောက်ပံ့မှုမျိုးကို သူတို့ လုပ်မှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် မဲဆောက်လို နယ်စပ်မြို့တွေမှာ အတိုက်အခံတွေရဲ့ နိုင်ငံရေးရုံးတွေ ထပ်ပြီးမှိုလိုပေါက်လာတာမျိုးကိုလည်း ထိုင်းအစိုးရက မြင်တွေ့လိုဖွယ် မရှိပါဘူး။

အရေးပါတဲ့ ဒီအိမ်နီးချင်းနိုင်ငံနှစ်ခု ကိုယ့်ဖက်မပါဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NUG နဲ့ PDF တို့ဟာ တစ်ခြားအပြင်က အထူးသဖြင့် အနောက်အင်အားကြီးနိုင်ငံတွေက ပစ္စည်းပစ္စယာထောက်ပံ့မှုမျိုးရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ထိထိရောက်ရောက်နဲ့ တစ်စိုက်မတ်မတ်လုပ်နေရမယ့် သူပုန်ထမှုမှာ နယ်စပ်ဖြတ်ကျော် ခိုလှုံရာနေရာတွေ မရှိတာ၊ လက်နက်ခဲယမ်း အကန့်အသတ် ဖြစ်တာမျိုးဟာ လက်မောင်းနှစ်ဖက် ပြုတ်သွားသလိုပါပဲ။

တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်တွေဟာ ထိုင်းနဲ့ တရုတ်နိုင်ငံတို့က မှောင်ခိုစျေးကွက်မှာရှိတဲ့ လက်နက်ခဲယမ်းတွေကို အလွန်အမင်း မှီခိုနေရတာပါ။ ထိုင်းနဲ့ တရုတ်အစိုးရတို့က နားလည်မှုနဲ့ ဟ,ပေးတာမျိုး မရှိဘူးဆိုရင် ဒီ လက်နက်ခဲယမ်းတွေရဖို့ တော်တော်ခက်ခဲမှာ ဖြစ်ပါတယ်။

သိပ်မကြီးမားတဲ့ သူပုန်ထမှု နှစ်တော်တော်ကြာ ဆက်ရှိနေဖို့အတွက် လိုအပ်ချက်ကို ဒေသတွင်း ဒီမှောင်ခိုစျေးကွက်တွေက ဖြည့်ပေးနိုင်ပေမယ့် ဆီးရီးယားက အလက်ပိုနဲ့ ဆိုမာလီယာက မိုဂါဒစ်ရှူးမြို့တွေမှာဖြစ်သလို ကြီးမားကျယ်ပြန့်ပြီး၊ အထိအခိုက် အဆုံးအရှုံးများတဲ့ ပြည်တွင်းစစ်မျိုး ဖြစ်လာတဲ့အထိ မှောင်ခိုစျေးကွက်တွေက ဖြည့်ဆည်းမပေးနိုင်တာကတော့ အသေအချာပါပဲ။

ကိုယ်ပိုင်ကွန်ယက်မျိုးမရှိဘူးဆိုရင် NUG နဲ့ PDF တို့ဟာ လက်နက်ခဲယမ်းအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တပ်မတော်ထံက သိမ်းဆည်းရမိတဲ့ လက်နက်တွေအပေါ်သာ လုံး၀ မှီခိုအားထားရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်တော်များများဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်လောက်ကတည်းက စုဆောင်းထားတဲ့ လက်နက်ခဲယမ်းတွေ ရှိကောင်းရှိနိုင်ပေမယ့် တစ်ဖက်နိုင်ငံက စာနာပေးမယ့် မိတ်ဆွေတွေ မရှိတော့ဘဲ လက်ရှိထိုးစစ်အရှိန်နဲ့ဆိုရင် စုဆောင်းထားတာတွေ မြန်မြန်ဆန်ဆန် ကုန်သွားဖွယ် ရှိနေပါတယ်။

တပ်မတော်ကို ထိုးစစ်ဆင်ပြီး ရထားတဲ့ အောင်မြင်မှုတွေကို ကာကွယ်ထိန်းသိမ်းဖို့ လက်နက်ခဲယမ်းလုံလုံလောက်လောက် စုထားမလား၊ တန်ဖိုးရှိတဲ့ လက်ကျန် လက်နက်တွေကို PDF အဖွဲ့တွေကို မျှဝေမလားဆိုတဲ့ အခြေအနေမျိုးပါ။

ရေရှည်သွားမယ့် လက်ရှိ လက်နက်ကိုင်ပဋိပက္ခဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်ခဲ့တာတွေနဲ့ ဆင်တူပါတယ်။

အဲဒီကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်တော်များများဟာ စစ်အစိုးရနဲ့ အပစ်ရပ်ရေးစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ တစ်ခြားအဖွဲ့တွေ ဆက်လက်တိုက်ပွဲဝင်ပေမယ့် ထိုင်းနဲ့ကပ်နေတဲ့ နယ်စပ်က ဒေသသေးလေးတွေကို လွင့်သွားပါတယ်။

၁၉၉၄ ခုနှစ်မှာ KIO၊ အဲဒီနောက် ၁၉၉၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ(NMSP) နဲ့ သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တို့လို အဓိကအဖွဲ့ဝင်တွေ အပစ်ရပ်ရေးစာချုပ် လက်မှတ်ထိုးခဲ့ကြတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ဟာ အင်အားချိနဲ့သွားပါတယ်။

အခုတစ်ခေါက်မှာတော့ ထူးခြားတဲ့အလှည့်အပြောင်း ဖြစ်လာခဲ့ပါတယ်။ KIO က တိုက်ခိုက်မှု လုပ်နေပေမယ့်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်က သဘောထားတင်းတဲ့ တပ်မဟာ ၅ ကလွဲရင် KNU တစ်ဖွဲ့လုံးက အပစ်ရပ်ရေးကို လိုက်နာနေပါတယ်။

ဘေးပတ်ဝန်းကျင်ဒေသ​တွေမှာရှိတဲ့ အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်ရေးသဘောတူညီချက်ကို စောင့်ထိန်းဖို့ ရွေးမယ်ဆိုရင် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငယ်တွေဟာ ပိုပြီးကျယ်ပြန့်လာမယ့် ပဋိပက္ခမှာ ပါဝင်ဖို့ အလားအလာ မရှိတော့ပါဘူး။ အထူးသဖြင့် ​မွန်၊ ကရင်နီ၊ ကယန်းနဲ့ ကရင်အဖွဲ့တွေတည်ရှိတဲ့ နိုင်ငံအရှေ့တောင်ပိုင်းဒေသမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ငယ်တွေဟာ KNU နဲ့ RCSS တို့ရဲ့ ပံ့ပိုးမှုမရှိဘဲ သီးသန့် ရပ်တည်နိုင်စွမ်း မရှိပါဘူး။

KNU နဲ့ RCSS နှစ်ဖွဲ့စလုံးဟာ စစ်အာဏာသိမ်းမှု၊ ရွေးကောက်တင်မြှောက်ခံရသူတွေကို ဖမ်းဆီးမှု၊ လက်နက်မဲ့ ဆန္ဒပြသူတွေပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း အစောပိုင်းမှာ ကြေငြာချက်တွေ ထုတ်ခဲ့ပါတယ်။ သူတို့ရှိရာ လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးလာတဲ့ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို နည်းနည်းပါးပါး လေ့ကျင့်ပေးတာမျိုးရှိပေမယ့် နောက်ပိုင်း ဒီနှစ်ဖွဲ့စလုံး ဒီထက်ပိုပြီး လုပ်ပေးတာ မရှိသလောက်ပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF အဖွဲ့တွေဟာ တပ်မတော်ကို ပျောက်ကြားစနစ်နဲ့ မကြာမကြာတိုက်ခိုက်တာမျိုး ရှေ့ဆက် မြင်လာရနိုင်ပါတယ်။ အိုင်းရစ်ရီပက်ဘလစ်ကန်တပ် (IRA) နဲ့ အခြား မြို့ပြအခြေစိုက် ပျောက်ကြားလှုပ်ရှားမှုတွေလို တစ်ယောက်ချင်းစီကို ပစ်မှတ်ထားလုပ်ကြံတာ၊ ဗုံးခွဲတိုက်ခိုက်တာ စတဲ့ မြို့ပြ ပျောက်ကြားလှုပ်ရှားမှု ဖြစ်လာနိုင်ပါတယ်။

ဒါဟာ အကြမ်းပတမ်းတပ်မတော်ကို လက်တုန့်ပြန်ဖို့ ဆွပေးသလို ဖြစ်စေပြီး မြို့ကြီးတွေမှာ စစ်တပ်တွေ ပိုမိုချထားတာကို မြင်လာရနိုင်ပါတယ်။ ဒါပေမယ့် ဆီးရီးယား၊ ဆိုမာလီယာ၊ ခြေချင်းညာနဲ့ အခြားဒေသတွေမှာလို လမ်းတွေပေါ်မှာ ကြီးမားတဲ့တိုက်ခိုက်မှုတွေဖြစ်ပွားတာ၊ မြို့တစ်ခုလုံးကို ပျက်ဆီးသွားတာမျိုး ဖြစ်လာဖွယ် မရှိပါဘူး။

လက်ရှိ ရပ်တန့်သွားတဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်တော်တော်များများက တရားဝင်တဲ့ အစိုးရ တက်မလာမချင်း နိုင်ငံရေးပြဿနာကို ဆွေးနွေးမှာမဟုတ်ဘူးလို့ သူတို့ထုတ်ပြန်တဲ့ ကြေငြာချက်တွေမှာ အခိုင်အမာ ဆိုထားပါတယ်။

ဒါပေမယ့် စစ်အာဏာရှင်တွေနဲ့ဆွေးနွေးတာ၊ ညှိနှိုင်းတာမျိုး အရင်က ရှိခဲ့ပါတယ်။ တစ်ချို့ အဖွဲ့တွေဟာ ၁၉၆၃ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၅ အထိ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စတဲ့အဖွဲ့အစည်းတွေနဲ့ အပစ်ရပ်ရေး လက်မှတ်ထိုးခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီနဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်းအစိုးရရဲ့ တပ်မတော်နဲ့နီးစပ်မှုကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတား မဖြစ်စေခဲ့ဘဲ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်းမှာ NCA စာချုပ် လက်မှတ်ထိုးတာမျိုး ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် တော်တော်လေး သတိထားရမယ့်အချက်တွေတော့ ရှိနေတုန်းပါ။ ပထမတစ်ခုက ထိုင်းနိုင်ငံဟာ နယ်စပ်မှာ ပိုမိုတင်းတင်းကြပ်ကြပ် ကန့်သတ်ထိန်းချုပ်တာမျိုး ရှိလာမယ့်အချက်ပါ။ အထူးသဖြင့် မဲဆောက်မြို့မှာဖြစ်ပြီး ဒါဟာ တိုင်းရင်းသားလူမျိုးစုနဲ့ အတိုက်အခံ ဒီမိုကရေစီအဖွဲ့တွေ ရုံးခန်းဖွင့်ရေးမှာ အခက်အခဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ နောက်ထပ် အရေးပါတဲ့ အချက်တစ်ခုက နိုင်ငံရေးဆွေးနွေးမှုတွေပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုပြီးတော့တာသွားမယ့်အချက်ပါ။

သိပ်မကြာခင်ကာလမှာ ပိုကြမ်းတဲ့ ပဋိပက္ခအသွင်မျိုးကို မြန်မာနိုင်ငံက ရောက်ရှိနိုင်ပေမယ့် အခြားနိုင်ငံတွေမှာ တွေ့ရတဲ့ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး မြင်ရဖို့ သိပ်မရှိပါဘူး။ တပ်မတော်အတွင်း ကွဲလွဲဖို့မရှိတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NUG နဲ့ PDF တို့ရဲ့ လက်နက်ရရှိမှု၊ လှုပ်ရှားနယ်မြေတွေ အကန့်အသတ်ရှိနေတာကြောင့် မြန်မာနိုင်ငံက ပြည်တွင်းစစ်ဟာ အကန့်အသတ်နဲ့သာ ပြန့်နှံ့တောက်လောင်ပါလိမ့်မယ်။

Ref: Asia Times

(Asia Times တွင် ဖော်ပြထားသည့် Why Myanmar’s civil war won’t be like Syria’s ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.