မေ ၃၀၊ ၂၀၂၁
M-Media
-ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်တက်လာတဲ့ မလေးရှားမှာ ဇွန်လ ၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချသွားမှာ ဖြစ်ပါတယ်။
၂ ပတ်တာကြာမြင့်မယ့် အဲဒီ လော့ဒေါင်းမှာ ကျန်းမာရေး၊ နည်းပညာနဲ့ မီဒီယာ၊ အစားအသောက်နဲ့ ကုန်ထုတ်လုပ်ငန်းအချို့ အပါအဝင် မရှိမဖြစ် လုပ်ငန်း ၁၇ ခုက လွဲလို့ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ပိတ်ထားရမှာဖြစ်ပါတယ်။ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းတွေကလည်း လုပ်သားအင်အားရဲ့ ၆၀ ရာခိုင်နှုန်းကိုသာ လုပ်ငန်းခွင်မှာ အသုံးပြုရမှာပါ။
မလေးရှာ းလုံခြုံရေးနဲ့ ကာကွယ်ရေးဝန်ကြီး အစ္စမာအီလ် ဆာဘရီ ယာကွတ်က လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်လုပ်ကိုင်သူတွေကို အရေးယူသွားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အိမ်မှာ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုရယူဖို့အတွက် တစ်အိမ်ကို နှစ်ဦးသာ ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြည်နယ်ကျော်နဲ့ ခရိုင်ကျော်သွားလာမှုတွေကို ပိတ်ပင်ထားပြီး၊ လမ်းပိတ်စစ်ဆေးမှုကိုလည်း တိုးမြှင့်ပြုမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
မလေးရှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီး အခုတစ်ပတ်မှာ တစ်နေ့ကို ကူးစက်သူ ၉ ထောင်ကျော်အထိ ရှိတာလာဖြစ်ပါတယ်။ ကူးစက်မှုနဲ့အတူ သေဆုံးမှုလည်း သိသိသာသာ မြင့်တက်လာပါတယ်။
အခု လော့ဒေါင်း ပထမအဆင့်ဟာ ၂ ပတ် ကြာမြင့်မှာဖြစ်ပြီး အခုထက်ပိုပြီး လျှော့ပေါ့ပေးမယ့် ဒုတိယအဆင့်က ၄ ပတ်၊ အဲဒီနောက်၊ လော့ဒေါင်း တတိယအဆင့်အဖြစ် လှုပ်ရှားသွားလာမှု ကန့်သတ်မိန့် MCO စသဖြင့် အဆင့်ဆင့်လုပ်ဖို့ မလေးရှားက စီစဉ်ထားတာ ဖြစ်ပါတယ်။
ကာကွယ်ဆေးတိုးမြှင့်မယ်
မလေးရှားမှာ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးနေတာပါ။
နည်းပညာနှင့် ထီထွင်ကြံဆရေးဆိုင်ရာ ဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က ကာကွယ်ဆေးထိုးမှုလုပ်ငန်းကို အရှိန်မြှင့်ဖို့အတွက် ကာကွယ်ဆေးစင်တာတွေကို နိုင်ငံတစ်ဝှမ်း တိုးမြှင့် ဖွင့်လှစ်သွားမယ်လို့ ဒီကနေ့မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
မလေးရှားဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရေး သီးသန့်စင်တာတွေ ဖွင့်လှစ်ထားရှိပြီး နောက်ပိုင်း ဆေးရုံ၊ ဆေးခန်းတွေမှာပါ ထိုးပေးနိုင်အောင် စီစဉ်နေပါတယ်။
Ref: CNA
Comments