ဇွန် ၁၊ ၂၀၂၁
M-Media
-ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းမှာ နာမည်ကျော်တဲ့ ကျားမုဆိုးတစ်ယောက်ကို နှစ်ပေါင်း ၂၀ ကျော်ကြာမှ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဟာဘစ် တာလွတ်ဒါဆိုတဲ့ အသက် ၅၀ အရွယ် အဲဒီအမျိုးသားဟာ အိန္ဒိယနိုင်ငံအထိ ကျယ်ပြန့်တဲ့ လမုတောထဲမှာ ကျက်စားပြီး ဘန်ဂေါလ်ကျားပေါင်း အနည်းဆုံး ၇၀ လောက်ကို အမဲလိုက်ခဲ့သူပါ။
တောထဲမှာ ပျားရည်ရှာဖွေစုဆောင်းသူဘ၀ကနေ ဟာဘစ်ဟာ ကျားလိုက်မုဆိုးအဖြစ် နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ လိုက်လံဖမ်းဆီးမှုကိုလည်း နှစ်ပေါင်း ၂၀ ကျော်ကြာ ရှောင်ရှားနိုင်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အနောက်တောင်ပိုင်း ဘာဂရတ်ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဆိုင်ဒွရ်ရဟ်မန်က ဟာဘစ်ကို သဘာ၀ပတ်ဝန်းကျင်၊ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနဲ့ အလိုရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
သားရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်နေတဲ့ ဒေသတွင်း တရားမဝင်ဂိုဏ်းတစ်ခုနဲ့ ဟာဘစ်တစ်ယောက် ဆက်နွယ်ဖွယ်ရှိတယ်လို့လည်း သူက ပြောပါတယ်။
ဟာဘစ်ဟာ အသက် ၂၀ ကျော်အရွယ်က စတင်ကာ ကျားတွေကို အမဲလိုက်လာတာပါ။ ဒေသခံတွေက ဟာဘစ်ဟာ ကျားနဲ့ တစ်ယောက်ချင်း ပြန်ချနိုင်ပြီး၊ လူတွေက သူ့ကို ချစ်ကြောက်လေးစားတယ်လို့ ပြောကြားခဲ့ပါတယ်။
ကျားအပါအဝင် သားရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် သားရေ၊ အရိုး၊ အသား၊ အစွယ် စတာတွေကို တရုတ်အပါအဝင် တစ်ခြားနိုင်ငံတွေကို တင်ပို့ရောင်းချတဲ့စျေးကွက်ဟာ ဘင်္ဂလားဒေ့ရှ်မှာ အကြီးအကျယ်ရှိနေတာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments