ဇွန် ၁၇၊ ၂၀၂၁
M-Media
-ကိုယ်ပိုင် အာကာစခန်းတည်ဆောက်ရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တရုတ်ဟာ ဒီကနေ့မှာ အာကာသယာဉ်မှူး ၃ ဦးကို စေလွှတ်လိုက်ပါတယ်။
ယာဉ်မှူးတွေ လိုက်ပါသွားတဲ့ Shenzhou-12 အာကာသယာဉ်ကို နိုင်ငံအနောက်မြောက်ပိုင်း Jiuquan စခန်းကနေ လွှတ်တင်ခဲ့တာပါ။ ပြီးခဲ့တဲ့လအနည်းငယ်က လွှတ်တင်ထားတဲ့ အာကာသစခန်း Tiangong ရဲ့ အဓိကအစိတ်အပိုင်း Tianhe နဲ့ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ၅ နှစ်အတွင်း တရုတ်ရဲ့ ပထမဆုံး လူလိုက်ပါတဲ့ အာကာသ ခရီးစဉ်လည်း ဖြစ်ပါတယ်။
အာကာသထဲ လူသားစေလွှတ်ရေး စီမံကိန်းရဲ့ လက်ထောက်ဒါရိုက်တာ ချန်ရှန်ဂွမ်းက အခုပထမအဆင့်ဟာ ချောချောမွေ့မွေ့ ဖြစ်ခဲ့ပေမယ့် ရှေ့ဆက် စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
အာကာသယာဉ်မှူး ၃ ဦးဟာ Tianhe အစိတ်အပိုင်း ထဲမှာ ၃ လကြာနေထိုင်ကာ အာကာသစခန်း အကောင်အထည်ပေါ်လာရေး စီမံဆောင်ရွက်မှာ ဖြစ်ပါတယ်။
၂၀၃၀ ခုနှစ်မှာ အာကာသအင်အားကြီးနိုင်ငံဖြစ်လာရေး တရုတ်ရဲ့ စီမံကိန်းမှာ ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်ရေးလည်း ပါဝင်ပါတယ်။ ဒီအာကာသစခန်းရဲ့ ပထမဆုံးအစိတ်အပိုင်း Tianhe ကို ဧပြီလမှာ တရုတ်က လွှတ်တင်ခဲ့ပါတယ်။
တရုတ်ဟာ အမေရိကန်ပြီးရင် ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာမှာဖြစ်ပြီး၊ အင်္ဂါဂြိုဟ်ပေါ်ကို ဂြိုဟ်ဆင်းယာဉ် စေလွှတ်နိုင်မှုမှာလည်း အမေရိကန်ပြီးရင် ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။
Ref: Aljazeera
Comments