ဇွန် ၂၃၊ ၂၀၂၁
M-Media
-မြို့တော် တီဟီရန်အနောက်ဖက် ကာရာဂျ်မြို့က နျူအဆောက်အဦးတစ်ခုကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရန်ကြိုးပမ်းမှုကို ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ အီရန်က ထုတ်ပြန်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နဲ့ သက်ဆိုင်တဲ့ ဆိုရှယ်မီဒီယာတွေက ဒရုန်းတစ်စီးဟာ နျူနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတစ်ခုကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အသက်ဆုံးရှုံးတာ၊ အဆောက်အဦး ထိခိုက်ပျက်ဆီးတာတွေ မရှိဘူးလို့ ရေးသားဖော်ပြပါတယ်။
နိုင်ငံရဲ့ အရပ်ဖက်နျူစီမံကိန်းကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုလို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ် မဖော်ပြခဲ့ပါဘူး။ အီရန်ရဲ့ နျူကလီးယား အဆောက်အဦးတွေ၊ သိပ္ပံပညာရှင်တွေကို အရင်က တိုက်ခိုက်ခံရမှုနောက်ပိုင်း လုံခြုံရေးကို ပိုမိုတင်းကြပ်ထားတာကြောင့် အခုတစ်ခေါက်မှာ ထိခိုက်ပျက်ဆီးမှုမရှိဘူးလို့ ဆိုပါတယ်။
အီရန် နိုင်ငံတော်လုံခြုံရေးကောင်စီက ကြိုးကိုင်သူဘယ်သူလဲဆိုတာနဲ့ ဘာ့ကြောင့် တိုက်ခိုက်လဲဆိုတာ သိရဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းဌာနတွေကို ဖြေကြားခဲ့ပါတယ်။
ကာရာဂျ်မြို့က အဲဒီနျူအဆောက်အဦး ၁၉၇၄ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး နျူနည်းပညာအသုံးပြုကာ မြေဆီ၊ ရေအရည်အသွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ဖို့ဖြစ်တယ်လို့ အီရန်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အီရန်ရဲ့ နျူစီမံကိန်းအဆောက်အဦးတွေ၊ သိပ္ပံပညာရှင်တွေ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး အစ္စရေးနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်တာလို့ အီရန်က စွပ်စွဲထားပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက အီရန်ရဲ့ နျူစီမံကိန်းဟာ လက်နက်ထုတ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ စွပ်စွဲထားပြီး အီရန်က ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။
Ref: Aljazeera
Comments