ဇွန် ၂၆၊ ၂၀၂၁
M-Media
-အမေရိကန်နိုင်ငံတစ်ဝှမ်းလုံးကို ရိုက်ခတ်ခဲ့တဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် အသတ်ခံရမှုမှာ ကျူးလွန်သူ ရဲတပ်ဖွဲ့ဝင်ဟောင်း ဒဲရစ် ချူဗင်ကို အမေရိကန်က နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
၂၀၂၀ မေလက မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့မှာ ရဲတပ်ဖွဲ့က သံသယနဲ့ဖမ်းဆီးစဉ် အသက် ၄၆ နှစ်အရွယ် ဂျော့ဖလွိုက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကြောင့် ရဲတပ်ဖွဲ့ရဲ့ လူမည်းတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဖလွိုက်ရဲ့ လည်ပင်းကို ၉ မိနစ်ခွဲကြာ ဒူးခေါင်းနဲ့ ထောက်ထားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ဒဲရစ် ချူဗင်ဟာ ရာထူးကထုတ်ပယ်ခံရပြီး တရားရင်ဆိုင်ခဲ့ရပါတယ်။ ဧပြီလမှာတော့ ချူဗင်ကို လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတွေနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
တရားလိုရှေ့နေတွေက ချူဗင်ကို အနည်းဆုံး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ဖို့ တောင်းဆိုခဲ့ပြီး မနေ့ကနောက်ဆုံးရုံးချိန်းမှာ တရားသူကြီး ပီတာကာဟေးလ်က ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။
စိတ်ခံစားမှု၊ စာနာမှု၊ ပြည်သူလူထုရဲ့အမြင်တွေကြောင့် ဒီလို ကြီးလေးတဲ့ ထောင်ဒဏ်မျိုး ချမှတ်တာမဟုတ်ဘဲ ဥပဒေအတိုင်းသာ ဆောင်ရွက်ခဲ့တာလို့ ပီတာကာဟေးလ်က ပြောကြားခဲ့ပါတယ်။
ချူဗင်ဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း အမေရိကန်မှာ လူသတ်မှုနဲ့ တရားစွဲဆို ထောင်ချခံရတဲ့ ၈ ယောက်မြောက် ရဲတပ်ဖွဲ့ဝင်ဖြစ်ပါတယ်။ ချူဗင်ကို ချမှတ်တဲ့ထောင်ဒဏ်ဟာ မင်နီဆိုတာပြည်နယ် ဥပဒေက အကြံပြုထားတဲ့ အမြင့်ဆုံးထောင်ဒဏ် ၁၂ နှစ်ထက် ပိုများနေတာပါ။ တရားသူကြီးကတော့ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တဲ့လုပ်ရပ်ကြောင့် ဒီလို ပြစ်ဒဏ်မျိုး ချမှတ်တာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Aljazeera
Comments