ဇူလိုင် ၁၊ ၂၀၂၁
M-Media
-တစ်ချိန်က ဒီမိုကရေစီအရေး ထုတ်ဖော်ဆန္ဒပြခဲ့တဲ့ သီတဂူဆရာတော်ဟာ အခုအချိန်မှာတော့ အမျိုးသားရေးတရား ဟောကြားသူတစ်ယောက် ဖြစ်နေပါပြီ။
စစ်ယူနီဖောင်း အပြည့်အစုံဝတ်ထားတဲ့ ဗိုလ်ချုပ် ထွန်းထွန်းနဲ့ ဒေသခံတပ်မှူးတွေဟာ ဘုန်းတော်ကြီးတစ်ပါးကို ဝပ်တွားခယပြီး ဖူးမြှော်ကြည်ညိုနေကြတယ်။ လှူဖွယ်၀တ္ထုတွေ ဆက်ကပ်ပြီး ဘုန်းကြီးက ဟောကြားတဲ့တရားကို နာယူကြပါတယ်။ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီး ၃ ရက်အကြာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံအတွင်း ဩဇာအကြီးမားဆုံးဖြစ်တဲ့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရကို အခုလို သွားရောက်ဖူးမြှော်ခဲ့ကြတာပါ။
၁၉၈၀ ပြည့်နှစ်တွေက စစ်အဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့တဲ့ သီတဂူဆရာတော်ရဲ့ ရပ်တည်ချက်ဟာ အခုအချိန်မှာတော့ လုံး၀ ပြောင်းလဲသွားခဲ့ပြီး လတ်တလော စစ်အာဏာသိမ်းမှုကို ထောက်ခံသူတစ်ယောက် ဖြစ်လာပါတယ်။
တစ်ချိန်က ဒီမိုကရေစီအရေး ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့တဲ့ သီတဂူဆရာတော်တစ်ယောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ဗိုလ်ချုပ်ကြီးတွေဆီက လှူဖွယ်၀တ္ထုပစ္စည်းတွေ ပြီးခဲ့တဲ့နှစ်တွေအတွင်း အကြိမ်ကြိမ်လက်ခံရယူတဲ့ အဖြစ်အပျက်တွေဟာ အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေဖက်ကနေ၊ အာဏာကိုင်ထားသူတွေဖက် ဆရာတော် ယိမ်းသွားတယ်ဆိုတာကို ပြသနေတာပါ။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဆိုရရင်ဗုဒ္ဓဘာသာရဲ့ အထက်တန်းအလွှာက ဘုန်းကြီးတွေဟာ ပြီးခဲ့တဲ့နှစ် ၃၀ အတွင်း လက်နက်ကိုင် အမျိုးသားရေးဝါဒကို ဆန့်ကျင်ရာကနေ ထောက်ခံလာတယ်ဆိုတာကို ဖော်ကျူးနေတာလည်း ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က လူထုအုံကြွမှုမှာ ပါဝင်ခဲ့တဲ့ သီတဂူဆရာတော်ဟာ မြန်မာနိုင်ငံမှာ ၁၀ စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ ဒီမိုကရေစီကြိုးပမ်းမှုအတွင်း ဒီမိုကရေစီဘက်တော်သား၊ စစ်အာဏာရှင်ဘက်တော်သားအဖြစ် အပြောင်းအလဲ များခဲ့ပါတယ်။ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ၊ တိုင်းပြည်အတွင်း ဗုဒ္ဓဘာသာ ဆက်လက်ကြီးစိုးလိုစိတ်တွေဟာ မြန်မာနိုင်ငံက ဘုန်းကြီးတော်တော်များများအပေါ်မှာ လွှမ်းမိုးထားတဲ့ အတွေးအခေါ်အယူအဆတွေ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ အစွန်းရောက်တဲ့ အစ္စလာမ်ဆန့်ကျင်ရေးအခြေပြု ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာမဟုတ်သူတွေဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ အမှတ်သညာအတွက် ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်မှု စတာတွေကြောင့် ဗုဒ္ဓဘာသာအမျိုးသားရေး ဘုန်းကြီးတွေဟာ စစ်အာဏာရှင်စနစ်ကို ထောက်ခံလေ့ ရှိပါတယ်။ ဒီမိုကရေစီပြယုဂ်ကနေ တံတွေးခွက်ပက်လက်မြောတဲ့ စစ်အာဏာရှင်ထောက်ခံသူအဖြစ် သီတဂူဆရာတော် ဘက်ပြောင်းသွားမှုမှာ ဒီစိုးရိမ်မှုတွေက အဓိကနေရာကနေ ပါဝင်နေပါတယ်။
မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်စိုးနေတဲ့အချိန် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဧရာ၀တီဖြစ်ရဲ့ အရှေ့ဖက်ကမ်းနဖူးနဲ့ သိပ်မဝေးတဲ့ သဲကုန်းဆိုတဲ့မြို့လေးမှာ သီတဂူဆရာတော်ကို ဖွားမြင်ပါတယ်။ တိုင်းပြည်လွတ်လပ်ရေးရပြီး ၉ နှစ်အကြာ ၁၉၅၇ ခုနှစ်မှာ သာသနာ့ဘောင်ထဲဝင်ခဲ့ပြီး တစ်ဖြည်းဖြည်းနဲ့ နေရာရလာခဲ့ပါတယ်။ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားတဲ့ မြန်မာနိုင်ငံက သာမန်လူတွေရဲ့ နေ့စဉ်ဘ၀တွေဟာ ဆွမ်းလောင်းတာ၊ လှူဖွယ်၀တ္ထု ကပ်လှူပူဇော်တာ၊ တရားဓမ္မနာယူဆည်းပူတာတွေကနေတစ်ဆင့် သံဃာအသိုင်းအဝိုင်းနဲ့ ကူးလူးဆက်နွယ်နေတာပါ။
မြန်မာနိုင်ငံမှာ သံဃာအဖွဲ့အစည်းဟာ ရာစုနှစ်ပေါင်းများစွာ ဩဇာအရှိန်အဝါ ရှိခဲ့ပြီး ဘာသာရေးဦးသျှောင်အဖြစ်သာမက နိုင်ငံရဲ့ လူမှုစီးပွား ပြုပြင်ပြောင်းလဲရေးမှာ ပေါင်းကူးတံသားသဖွယ် အရေးပါခဲ့ကြပါတယ်။ သီတဂူဆရာတော်ဟာ ၁၉၇၇ ခုနှစ်မှာ ပထမဆုံးကျောင်းတိုက် တည်ထောင်ခဲ့ပြီး ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ တရားဒေသနာတွေ၊ ၁၉၈၀ ပြည့်နှစ်တွေက စတင်တဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ နောက်လိုက်နောက်ပါ အများအပြား ရရှိခဲ့ပါတယ်။
၁၉၈၀ ပြည့်နှစ် အဆုံးပိုင်းမှာ ဦးနေဝင်းနဲ့ သူရဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ ဦးဆောင်တဲ့ အာဏာရှင်အစိုးရ စတင်ပြိုလဲလာပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံလို့ခေါ်တဲ့ ၁၉၈၈ ခုနှစ် နိုင်ငံတစ်ဝှမ်း လုထုအုံကြွမှု၊ အာဏာဖီဆန်မှုဟာ အာဏာရှင်ပြိုလဲမှု အထွပ်အထိပ်ကာလ ဖြစ်ပါတယ်။ လူထုအုံကြွမှုကို အဓိကလှုံ့ဆော်ပေးတာက ကျောင်းသားတွေဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘုန်းကြီးတွေပါ ဆန္ဒပြမှုမှာ ပါဝင်လာပါတယ်။ Carleton College က လက်ထောက် ကထိကတစ်ဦးဖြစ်ပြီး အဲဒီအချိန်တုန်းက ကျောင်းသားခေါင်းဆောင်လည်းဖြစ်တဲ့ ဦးထွန်းမြင့်က စစ်တပ်ဟာ သုံးနေကျ နည်းလမ်းတွေနဲ့ လူထုကြားမှာ သွေးခွဲဖို့ ကြိုးစားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီကာလမှာ သီတဂူဆရာတော်ဟာ အာဏာရှင်ဆန့်ကျင်ရေး တရားတွေဟောကာ နာမည်ကျော်နေပါပြီ။ နာမည်ကျော် တရားတစ်ခုမှာ ဗုဒ္ဓရဲ့ အဆုံးအမတွေထဲက မင်းကျင့်တရား ၁၀ ပါးအကြောင်း ထည့်သွင်းဟောပြောပြီး ဦးနေဝင်းရဲ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဝေဖန်ခဲ့ပါတယ်။ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ အာဏာကိုင်ထားမှုကိုသာမက ဗုဒ္ဓဘာသာကို အမှန်တကယ် ယုံကြည်သူတွေမှ ဟုတ်ရဲ့လားဆိုတာကိုပါ မေးခွန်းထုတ်လိုက်တာပါ။ ဒီတရားနဲ့ နောက်ပိုင်း ဆန္ဒပြသူတွေအပေါ် စစ်အာဏာရှင်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် သီတဂူဆရာတော်ဟာ အမေရိကန်ပြည်ထောင်စုကို ခေတ္တတိမ်းရှောင်ခဲ့ပြီး အဲဒီမှာ ကမ္ဘာ့ဘာသာတရားတွေကို လေ့လာဆည်းပူးခဲ့ပါတယ်။ နောက်ပိုင်း ပြည်တော်ပြန်လာတဲ့အချိန်မှာတော့ ပရိတ်သက်အင်အား ဆက်လက်ရှိနေဆဲပဲဆိုတာ ဆရာတော်က သိလိုက်ရပါတယ်။
သီတဂူဆရာတော်ဟာ နိုင်ငံတစ်ဝှမ်း အလှူဒါနပြုတဲ့ နည်းစနစ်ကို တစ်ဖြည်းဖြည်းချင်း ပြောင်းလဲခဲ့သူပါ။ ဘာသာရေးခေါင်းဆောင်တစ်ယောက် ဖြစ်ပေမယ့် ခေတ်ပညာ၊ လူမှုဘ၀တိုးတက်ရေး ဇောင်းပေးတဲ့ အလှူအတန်းပြုမှုကို အားပေးခဲ့ပြီး ဘာသာရေးအပြင်ဘက်က အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေဆီ အလှူအတန်း ရောက်စေခဲ့ပါတယ်။ လှူဒါန်းမှုအများစုဟာ ဘုန်းကြီးတွေနဲ့ ဘုန်းကြီးကျောင်းတွေဆီ တိုက်ရိုက်သွားနေပေမယ့် ဆရာတော်ရဲ့ ဒီလုပ်ရပ်က သိသာတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ တိုရွန်တိုတက္ကသိုလ်က ခေတ်ပြိုင်နိုင်ငံရေးသီအိုရီဆိုင်ရာ လက်ထောက်ကထိကဖြစ်ပြီး မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ထင်ရှားတဲ့ ပညာရှင်လည်းဖြစ်တဲ့ မက်သယူးဝေါလ်တန်က အခုလို မှတ်ချက်ပြုခဲ့ပါတယ်။
“မြန်မာပြည်သူတွေဟာ လှူဒါန်းပေးကမ်းမှုတွေကို မိမိတို့နဲ့ နီးစပ်ရာဒေသတွေမှာပဲ လုပ်ကြတာပါ။ သီတဂူဆရာတော်ကတော့ လှူဒါန်းမှု နည်းစနစ်နဲ့ပတ်သက်တဲ့ လူတွေရဲ့ အမြင်ကို အမှန်တကယ် ပြောင်းလဲပေးနိုင်တဲ့ လက်တစ်ဆုပ်စာ ဘုန်းကြီးတွေထဲက တစ်ပါးဖြစ်ပါတယ်”
တိုင်းပြည်မှာ အခြေတည်စ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူ သီတဂူဆရာတော်ရဲ့ ဩဇာကလည်း ဆက်လက်ကြီးထွားလာပါတယ်။ စစ်အာဏာရှင်တွေရဲ့ မူဝါဒကို မကြိုက်တဲ့အတွက် ထောင်နဲ့ချီတဲ့ ဆရာတော်သံဃာတော်တွေ ၂၀၀၇ ခုနှစ်မှာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပြီး ‘ရွှေဝါရောင်တော်လှန်ရေး’ လို့ နာမည်ကျော်ပါတယ်။ ဒီလှုပ်ရှားမှုမှာ သီတဂူဆရာတော် မပါဝင်ပါဘူး။ ဒီလှုပ်ရှားမှုကို ရှောင်ခဲ့ရုံသာမက သူ့ကျောင်းတိုက်က ဘုန်းကြီးတွေ ဆန္ဒပြမှုမှာ မပါဝင်ဖို့ ဆရာတော်က တားမြစ်ခဲ့ပါသေးတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တော်များများက ဒီမိုကရေစီ ရရှိရေးအတွက် ပါဝင်ခဲ့ကြပေမယ့် ဒီလှုပ်ရှားမှုဟာ သူတို့လိုဘကို ဖြည့်ပေးနိုင်မယ်လို့ ထင်ကြတဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေလည်း ထုနဲ့ထည်နဲ့ ပါဝင်ခဲ့ကြပါတယ်။ အဲဒီလူတွေ ‘၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်တာဟာ အခြေခံအခွင့်အရေး၊ မဲပေးခွင့်ရရေး’ လောက်နဲ့တင် တင်းတိမ်ဖို့မဟုတ်ဘူးလို့ အောက်စဖို့တက္ကသိုလ် Exeter ကောလိပ်မှာ လူမှုမနုဿဗေဒ ပညာရပ် သင်ကြားပို့ချသူဖြစ်ပြီး မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ မီလန် မက်ကေက ပြောပါတယ်။ သူတို့မျှော်မှန်းတဲ့ ဗုဒ္ဓဘာသာနိုင်ငံ ခိုင်မာအားကောင်းရေး ဆောင်ရွက်ပေးနိုင်မယ့်၊ ဆောင်ရွက်လိုစိတ်ရှိမယ့် ခေါင်းဆောင်မျိုး တင်မြှောက်နိုင်အောင် ဒီမိုကရေစီစနစ်က လမ်းဖွင့်ပေးနိုင်လိမ့်မယ်ဆိုတဲ့ အယူအဆက ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ အဲဒီလူတွေအတွက် မောင်းနှင်အားဖြစ်ခဲ့တယ်လို့ မက်ကေက သုံးသပ်ပါတယ်။
သာမန်လူတန်းစားအလွှာထဲ ဝင်ရောက်လာတဲ့ သီတဂူဆရာတော်ရဲ့ ဩဇာတိက္ကမဟာ ကျယ်ပြန့်လာပါတယ်။ ၂၀၀၈ ခုနှစ် လူပေါင်း ၁ သိန်းလောက်သေဆုံးတဲ့ နာဂစ်မုန်တိုင်းကာလမှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ လှေ၊ ထရပ်ကားတွေနဲ့ ပိုဆောင်ပေးခဲ့မှုကြောင့် သီတဂူဆရာတော်ဟာ ပိုပြီး ကျော်ကြားလာပါတယ်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရတဲ့ မြို့ ၄ မြို့မှာ တစ်ပတ်အတွင်း ဆရာတော်ဟာ ကယ်ဆယ်ရေးစင်တာတွေ ဆောက်ပေးခဲ့ပါတယ်။ ဒီဆောင်ရွက်မှုတွေကြောင့် လူကြိုက်များမှု တက်လာသလို၊ အာဏာပိုင်အသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရေးလည်း တိုးတက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုပြီး မီးမောင်းထိုးလာတဲ့အချိန် သီတဂူဆရာတော်လည်း အာရုံစိုက် ခံလာရပါတယ်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ နှစ်ဦးစလုံး တိုင်းပြည်ကို လာရောက်လည်ပတ်တဲ့အချိန်မှာ သီတဂူဆရာတော်နဲ့ တွေ့ဆုံခဲ့ပါတယ်။
၂၀၁၂ ခုနှစ် မြန်မာနိုင်ငံအနောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခအတွင်း ကြား၀င်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးမယ်လို့ သီတဂူဆရာတော်က ကမ်းလှမ်းခဲ့ပြီး လူ့အဖွဲ့အစည်းတွေကြားထဲက ဒဏ်ရာတွေကို ကုစားရေး ရည်ရွယ်တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဆရာတော်ဟာ အစ္စလာမ်က ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတဲ့ သတိပေးတရားတွေ ဟောခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ပြည်သူ့တွေရဲ့ နေ့စဉ်ဘ၀ကို ဝင်ရောက် ကျူးကျော်စွက်ဖက်တဲ့ အပြင်းထန်ဆုံး မွတ်စလင်ဆန့်ကျင်ရေး ဥပဒေတစ်ခုကို ပြဌာန်းလိုက်ပါတယ်။ မွတ်စလင်လူဦးအရေ အများဆုံးရှိတဲ့ ဒေသတွေမှာ အမျိုးသမီးတွေဟာ ကလေးတစ်ယောက်နဲ့တစ်ယောက်အကြား ၃ နှစ် ဒါမှမဟုတ် ၃ နှစ်ကျော် ခြားဖို့၊ ဘာသာကူးပြောင်းရေး ဒေသအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ယူဖို့ ဒီဥပဒေမှာ ပြဌာန်းထားပြီး မယားပြိုင်ထားတာကို ပိတ်ပင်တာ၊ ရပ်ကွက်က လူတစ်ယောက်က ကန့်ကွက်ရင် လက်ထပ်ထိမ်းမြားမှု တရားမဝင်ဘူးလို့ သတ်မှတ်တာတွေလည်း ပါဝင်ပါတယ်။ သီတဂူဆရာတော်ဟာ ဒီဥပဒေကို အားပေးထောက်ခံရုံသာမက နိုင်ငံရေးမှာ ဘာသာရေးသမားတွေ ဝင်စွက်တာ မှန်ကန်တယ်ဆိုပြီး အတိတ်သမိုင်းက အဖြစ်အပျက်နဲ့ ချိန်ထိုးနှိုင်းယှဉ်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၀၀ အရင်က ကွန်မြူနစ်ဝါဒ ပြန့်နှံ့မှုကို လျော့ပါးစေဖို့အတွက် ခရစ်ယာန် ဒီမိုကရက်တစ်ပါတီတွေ ဖွဲ့စည်းရေး ပုပ်ရဟန်းမင်းက ကူညီခဲ့တာကို ထောက်ပြပြီး၊ ဗုဒ္ဓဘာသာခေါင်းဆောင်တွေလည်း ဥပဒေတွေပြဌာန်းကာ အစ္စလာမ်ဝါဒ ပြန့်နှံ့
မှုကို တားဆီးရမယ်လို့ သူက စောဒကတက်ခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ ဗုဒ္ဓဘာသာက တားမြစ်ထားပေမယ့်လည်း ဘုန်းကြီးတွေ စစ်မှုထမ်းမယ်လို့ပြောတာ၊ ဥပဒေပြဌာန်းပြီး မွတ်စလင်လူ့အဖွဲ့အစည်းကို ဖိနှိပ်ဖို့ တိုက်တွန်းတာတွေ လုပ်ခဲ့ပါတယ်။
အမျိုးသားအကျိုးစီးပွားဆိုတဲ့ ကိစ္စအတွက် စစ်တပ်နဲ့ သံဃာတွေ ပူးပေါင်းအောင် လုပ်ဆောင်ရာမှာ သီတဂူဆရာတော်ဟာ အတိတ်ကအကြောင်းအရာတွေနဲ့ ချိန်ထိုးနှိုင်းယှဉ်ကာ ပြောကြားလေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်က တရားတစ်ခုမှာ ထေရဝါဒ ဗုဒ္ဓစာပေထဲက အနုရတ္ထပူရပြည် (ယနေ့ခေတ် သီရိလင်္ကာနိုင်ငံ) ကို အုပ်စိုးတဲ့ ဒုတ္ထဂါမဏိ ဘုရင်အကြောင်း ထည့်သွင်းဟောကြားခဲ့ပါတယ်။ ဗုဒ္ဓဝါဒက ဖြောင့်မတ်မှန်ကန်မှုကို စစ်အင်အားသုံး အကြမ်းဖက်မှုနဲ့ ချိတ်ဆက်ခဲ့တာပါ။ ဘုရင်ကြီးရဲ့ ရန်သူတွေဟာ (ဗုဒ္ဓဘာသာမဟုတ်တာကြောင့်) လူလို့ယူဆလို့မရတဲ့အတွက် ထောင်သောင်းချီ သတ်ဖြတ်တာဟာ မှန်ကန်တဲ့၊ တရားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဒဏ္ဍာရီအကြောင်းအရာကို မီးမောင်းထိုးပြပြီး ဟောကြားခဲ့တဲ့တရား ဖြစ်ပါတယ်။ ရန်သူတွေဟာ လမ်းမှန်သူတွေ (ဗုဒ္ဓဘာသာဝင်တွေ) ဖြစ်ရင် သူတို့အပေါ် သွေးချောင်းစီးစစ်ပွဲ ဆင်နွှဲတာဟာ လုံး၀မှားယွင်းတယ်လို့ သီတဂူဆရာတော်က ဆိုလိုချင်ပုံရပါတယ်။
အတိတ်က ဗုဒ္ဓဘာသာဝင် အုပ်စိုးသူတွေ၊ ဘုန်းကြီးတွေဟာ ဒီအကြောင်းအရာကို အသုံးချပြီး သွေးချောင်းစီးသတ်ဖြတ်မှုတွေ မှန်ကန်ကြောင်း၊ တရားကြောင်း ပြောဆိုခဲ့ကြပြီး၊ သီတဂူဆရာတော်ရဲ့ အထက်ပါတရားကလည်း မွတ်စလင်တွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် အနီးကပ်ရန်သူလို့ ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်ကြတဲ့ အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဗုဒ္ဓဘာသာမဟုတ်သူတွေဟာ လူမဟုတ်ကြောင်း နှိမ့်ချစော်ကားတဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းပါ။ ဒီလို ဘာသာရေးအခြေပြု အမျိုးသားရေးဝါဒကို တစ်ခါ တစ်ရံ ဝေဖန်မှုတွေလည်း ရှိပါတယ်။ ထင်ရှားတဲ့ ဘုန်းကြီးတစ်ပါးဆိုရင် သီတဂူဆရာတော်ရဲ့ ဟောကြားမှုဟာ ‘အန္တရာယ်ရှိတယ်’ လို့ မှတ်ချက် ပြုခဲ့ပါတယ်။ ဒါပေမယ့် ဝေဖန်ထောက်ပြသူက အဲဒီလောက်သာ ရှိပါတယ်။ မွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုကို ဗုဒ္ဓဘာသာအယူအဆအရ လုပ်သင့်လုပ်ထိုက်တယ်ဆိုတဲ့ သီတဂူဆရာတော်ရဲ့ ဒီပြောဆိုချက်ဟာ မြန်မာပြည်သူလူထုအပေါ်မှာ သိသိသာသာကို လွှမ်းမိုးထားပါတယ်။
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ ဆိုတာမျိုးအပြင် တိုင်းပြည်ရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ရှိနေအောင် သီတဂူဆရာတော်က ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ လူအများအပြားတက်တဲ့ တရားပွဲတွေကို မကြာခဏ ခြိမ့်ခြိမ့်သဲ ကျင်းပပြီး ဗီဒီယိုသမားတွေနဲ့ တရားပွဲတွေကို မှတ်တမ်းတင်ကာ လူများများဆီ ရောက်အောင် လုပ်ဆောင်ပါတယ်။ နိုင်ငံရေး၊ စစ်ဖက်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကိုလည်း ဆရာတော်က တစ်ဖြည်းဖြည်းချင်း တည်ဆောက်ပါတယ်။ အဲဒီခေါင်းဆောင်တွေဟာ ဆရာတော်ရဲ့ မွေးနေ့ပါတီကို တက်ရောက်လေ့ရှိပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးကိုလည်း ဆရာတော်က ကြွားလုံးထုတ်တတ်ပါတယ်။ သူတည်ထောင်ထားတဲ့ ကျောင်းတိုက်တွေမှာ အိုဘားမားနဲ့ တွဲရိုက်ထားတဲ့ ကိုယ်လုံးပြည့်ပုံကြီးကို ချိတ်ဆွဲထားပါတယ်။ ဒီလုပ်ရပ်တွေကို တစ်ချိန်က သီတဂူဆရာတော်ကို ဥက္ကဌတင်ခဲ့တဲ့ ဘာသာရေးအစွန်းရောက်အဖွဲ့ မဘသလို အမျိုးသားရေးဝါဒီ အသိုင်းအ၀ိုင်းက ဘုန်းကြီးတွေကပါ ဝေဖန်ခဲ့ကြပါတယ်။
“မဘသခေါင်းဆောင်ပိုင်းက အရှင်ဉာဏိဿရကို ‘အင်တာနေရှင်နယ်ဘုန်းကြီး’ လို့ ရွဲ့ပြီးခေါ်ကြတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကို ကာကွယ်ဖို့၊ မြှင့်တင်ဖို့ထက် တစ်ကိုယ်ရေကျော်ကြားမှုကို နိုင်ငံရပ်ခြားအထိ ဖြန့်ကျက် တည်ဆောက်ဖို့သာ စိတ်ဝင်စားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ” လို့ မြန်မာ့အရေးကျွမ်းကျင်သူ မက်ကေက ပြောပါတယ်။
အခုနှစ်မှာလည်း သီတဂူဆရာတော်ရဲ့ အခန်းကဏ္ဍဟာ ထပ်မံပြောင်းလဲသွားပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြသူတွေအပေါ် သတ်ဖြတ်မှုကို နှုတ်ဆိတ်နေတာအတွက် သီတဂူဆရာတော်ဟာ ဆိုရှယ်မီဒီယာတွေမှာပါ ဝေဖန်ခံလာရပါတယ်။ ဒါပေမယ့် မတ်လမှာတော့ အခြား ထင်ရှားတဲ့ ဘုန်းကြီးတွေနဲ့ပေါင်းပြီး ကြေငြာချက်တစ်စောင် ထုတ်ခဲ့ပါတယ် ။ဒီကြေငြာချက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ ‘လက်နက်မဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို ချက်ခြင်းရပ်တန့်ဖို့’ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းထားပါတယ်။ ၁၉၈၈ ခုနှစ်အတိုင်း ဒီတစ်ကြိမ်မှာလည်း သီတဂူဆရာတော်ဟာ မင်းကျင့်တရား ၁၀ ပါးကို လိုက်နာဖို့ စစ်ခေါင်းဆောင်ပိုင်းကို တိုက်တွန်းဆော်ဩခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအကြားက ဆက်ဆံရေးဟာ နားလည်ရခက်ပါတယ်။ အများစုက ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေအတွက် လှူဒါန်းကြပေမယ့် ရွေးချယ်စရာတွေ များပါတယ်။ နိုင်ငံရေးမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြတဲ့ ဘုန်းကြီးတွေမှာ ယုံကြည်သူတွေက သူတို့ကိုကျော်ပြီး တစ်ခြားကျောင်းတိုက်တွေကို လှူဒါန်းကြတဲ့ လစ်လျူရှုမှု အန္တရာယ် ရှိနေပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ပြည်သူအများစုက သိသိသာသာ ပြတ်ပြတ်သားသား ဆန့်ကျင်လာကြာတာကြောင့် သီတဂူဆရာတော်ဟာ သူ့ရဲ့ရပ်တည်ချက်ပြောင်းလဲဖို့ ဖိအားဖြစ်လာတဟာ သိပ် အံ့ဩစရာတော့ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်အရင်က မြန်မာနိုင်ငံဟာ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုမှာ အားကျအတုယူစရာအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်း အာဏာရှင်ဝါဒ ခေါင်းပြန်ထောင်လာတဲ့အချိန်မှာ မြန်မာခေါင်းဆောင်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်လာပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက စုပေါင်းပြီး ထိရောက်တဲ့ တုန့်ပြန်ဆောင်ရွက်မှုမျိုး မရှိသေးတဲ့အချိန် တစ်ခြားအာဏာရှင်နိုင်ငံတွေက စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးအားမြှောက် ပြုနေကြပါတယ်။ ဦးထွန်းမြင့်က အာဏာရှင်စနစ် ဦးမော့လာတာဟာ ကမ္ဘာတစ်ဝှမ်းက ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ၊ သီတဂူဆရာတော်အပါအဝင် ခေါင်းဆောင်တွေအပေါ် ဝေဖန်စောကြောမှုတွေဟာ အချည်းအနှီးတော့ မဖြစ်ပါဘူး။ အခုနှစ် ဆန္ဒပြပွဲတွေဟာ မြန်မာနိုင်ငံက မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအကြား တွေ့ရခဲတဲ့ စည်လုံးညီညွတ်မှုကို ဖော်ကျူးနေပါတယ်။
ပြည်သူလူထုဆီက ထိရောက်တဲ့ ဝေဖန်မှုတွေ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို အထင်ရှားဆုံး အမျိုးသားရေးဝါဒီတွေထဲက တစ်ဦးဖြစ်တဲ့ သီတဂူဆရာတော်က လူသိရှင်ကြား ဝေဖန်ရှုတ်ချပေးဖို့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေဟာ မြန်မာနိုင်ငံက ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုကို တွန်းလှန်ကောင်း တွန်းလှန်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်လင်းရောင်ခြည်လေးတစ်ခု ဖြစ်ကြောင်းပါ …
Ref: Foreign Policy
(Foreign Policy ပါ A Famous Buddhist Teacher Is Under Fire for Backing Myanmar’s Junta ကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
Comments