ဇူလိုင် ၆၊ ၂၀၂၁
M-Media
-အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ အိန္ဒိယက ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာ စတန် ဆွာမိဟာ မနေ့က ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။
နိုင်ငံအတွင်း ခွဲခြားဖိနှိပ်ခံနေရတဲ့ မျိုးနွယ်စုတွေ တန်းတူအခွင့်အရေးရရေး လှုပ်ရှားခဲ့တဲ့ ဖာသာ ဆွာမိကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အစိုးရက ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က လှုပ်ရှားမှုတစ်ခုအတွင်း ဖာသာ ဆွာမိဟာ မျိုးနွယ်ဇာတ်တွေအကြား အကြမ်းဖက်မှုဖြစ်အောင် လှုံဆော်တယ်လို့ အစိုးရက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
သက်တော် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဖာသာ ဆွာမိဟာ ပါကင်ဆန်နဲ့ အခြားရောဂါတွေကို ခံစားခဲ့ရပြီး မေလက ကိုဗစ်ကူးစက်ခံခဲ့ရကာ ပြီးခဲ့တဲ့တစ်ပတ်မှာလည်း နှလုံးဖောက်ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက သူ့ကို အာမခံ မပေးခဲ့ပါဘူး။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို အသုံးပြုပြီး တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသားတွေနဲ့ အတိုက်ခံတွေကို အိန္ဒိယအစိုးရက နှိပ်ကွပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ကျန်းမာရေးအခြေအနေ ဆိုးရွားတဲ့ ဖာသာ ဆွာမိဟာ ဖန်ခွက်ကိုင်ပြီး ရေမသောက်နိုင်တဲ့အတွက် ပိုက်နဲ့ ရေသောက်ခွင့်ရရေး ရှေ့နေတွေက တရားရုံးမှာ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး ကာကွယ်သူများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မေရီလော်လာက အကြမ်းဖက်ဝါဒနဲ့ မတရား တရားစွဲဆိုခံရပြီး ၉ လကြာ ချုပ်နှောင်ခံခဲ့ရတဲ့ ဖာသာဆွာမိသေဆုံးမှုအတွက် ၀မ်းနည်းရပြီး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို အခုလိုထောင်ချမှုကို ဘာဆင်ခြေမှ ပေးလို့မရဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Ref: AFP
Comments