ဇူလိုင် ၆၊ ၂၀၂၁
M-Media
-ဒေသတွင်း သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်စီးဆင်းမှုမှာ အဓိကကျတဲ့ နိုင်ငံတစ်ခု ဖြစ်လာရေးအတွက် ကန်ဒေါ်လာ ၁၁၃.၃၄ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာလိုက်ပါတယ်။
လေဆိပ်၊ ဆိပ်ကမ်း၊ ရထားလိုင်းအပါအဝင် အခြား ကြီးမားတဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေးစီမံကိန်းတွေ ပါဝင်မှာပါ။ ၂၀၃၀ အရောက်မှာ ဒေသတွင်းနဲ့ ကမ္ဘာ့အဆင့်မှာပါ ပို့ဆောင်ရေး အချက်အခြာနိုင်ငံတစ်ခု ဖြစ်လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ချိတ်ဆက်မှုမှာ ဆော်ဒီအာရေဗျဟာ ဒေသတွင်းက ယူအေအီး၊ ကာတာတို့လို နိုင်ငံတွေနဲ့ယှဉ်ရင် သိသိသာသာကို နည်းနေတာဖြစ်ပါတယ်။
အခု ပို့ဆောင်ရေးစီမံကိန်းသစ်မှာ လေကြောင်းခရီးစဉ် ၉၉ ခုကနေ ၂၅၀ အထိ ရှိလာအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်က လေကြောင်းခရီးသွားလာသူအရေအတွက် ၁၀၃ သန်းရှိရာကနေ ၂၀၃၀ အရောက်မှာ ၃ ဆ သန်း ၃၃၀ လောက်ရှိဖို့ ရည်မှန်းထားပါတယ်။
ကုန်စည်တွေ လေကြောင်းနဲ့ သယ်ယူပို့ဆောင်ပေးမှု အရေအတွက်ကိုလည်း ၂၀၁၉ ခုနှစ်မှာ တန် ၉ သိန်း ရှိခဲ့ရာကနေ ၂၀၃၀ အရောက်မှာ တန်ပေါင်း ၄.၅ သန်းအထိ ချဲ့ထွင်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။
ဆော်ဒီအာရေဗျဟာ ၂၀၃၀ စီမံကိန်းချထားပြီး နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး နယ်ပယ်စုံမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Ref: Reuters
Comments