ဇူလိုင် ၈၊ ၂၀၂၁
M-Media
-အခုနှစ် ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို ကိုဗစ်ကပ်ရောဂါအန္တရာယ်ကြောင့် လာမယ့်နှစ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
၂ နှစ်တစ်ကြိမ်ကျင်းပတဲ့ ဆီးဂိမ်းကို နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံက နေရာ ၁၂ ခုမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။
ဒါပေမယ့် အရှေ့တောင်အာရှဒေသအတွင်း ကိုဗစ်ကူးစက်မှု မလျော့ကျသေးတဲ့ အခြေအနေကြောင့် ဒီနှစ်အတွင်း ပြိုင်ပွဲမကျင်းပဖို့ ဆီးဂိမ်းကျင်းပရေး လုပ်ငန်းအဖွဲ့က ဒီကနေ့မှာ အစည်းအဝေးထိုင် ဆုံးဖြတ်လိုက်တယ်လို့ စင်ကာပူအမျိုးသား အိုလံပစ်ကောင်စီက ထုတ်ပြန်ပါတယ်။
နောက်နှစ်ကျင်းပမယ့် ရက်အတိအကျကို ဗီယက်နမ် အမျိုးသား အိုလံပစ်ကော်မတီက သတ်မှတ်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
ထိုင်းအိုလံပစ်ကော်မတီကလည်း ဗီယက်နမ်ဆီးဂိမ်းကို အခုနှစ်အတွင်း ကျင်းပဖြစ်မှာ မဟုတ်ဘူးဆိုတာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီလိုရွှေ့ဆိုင်းလိုက်တာဟာ ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်ပြီး လာမယ့်နှစ် ဧပြီ၊ မေလောက်မှာ ကျင်းပနိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။
ဆီးဂိမ်းပြိုင်ပွဲကို လာမယ့်နှစ်မှ ကျင်းပဖို့ ဗီယက်နမ်အစိုးရက အစောပိုင်းမှာ အဆိုပြုခဲ့ပေမယ့် အားကစားပြိုင်ပွဲတွေ များနေတာကြောင့် အရှေ့တောင်အာရှ ၈ နိုင်ငံက ကန့်ကွက်တယ်လို့ ပြီးခဲ့တဲ့လမှာ သတင်းထွက်ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုရေးဆိုခွင့်ရှိသူက ၃၁ ကြိမ်မြောက် ဆီးဂိမ်းကို ရွှေ့ဆိုင်းဖို့ အာဏာပိုင်တွေက အကြံပြုခဲ့ပေမယ့် အားကစားပြိုင်ပွဲတွေ များနေတဲ့ လာမယ့်နှစ်မှာ သင့်လျော်တဲ့အချိန်မျိုး မတွေ့သေးဘူးလို့ ဒီကနေ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Ref : CNA
Comments