ဇူလိုင် ၁၀၊ ၂၀၂၁
M-Media
-ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ နယ်မြေကျူးကျော်ခံရမှုအတွက် ဆန့်ကျင်ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲတာကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၀၀ နီးပါးလောက် ဒဏ်ရာရခဲ့ပါတယ်။
အနောက်ဖက်ကမ်း နဘလုစ်မြို့နားက ဘိုင်တာဆိုတဲ့မြို့မှာ မနေ့က ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ ဂျူးအခြေချနေထိုင်သူတွေ၊ အစ္စရေးတပ်ဖွဲ့တွေက နယ်မြေတွေကို အဓမ္မသိမ်းယူပြီး စစ်စခန်းနဲ့ အခြေချအိမ်ယာတွေဆောက်လုပ်ဖို့ ကြိုးပမ်းမှုကို ပါလက်စတိုင်းတွေက ဆန့်ကျင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ၊ ကျည်အစစ်တွေ အသုံးပြုပြီး ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်အတွင်း ပါလက်စတိုင်းပြည်သူ ၃၇၉ ဦး ဒဏ်ရာရခဲ့ပြီး ၃၁ ဦးက ကျည်အစစ်ဒဏ်ရာတွေဖြစ်တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။
အနောက်ဖက်ကမ်းက ကာဖာရ် ကွဒ်ဒမ်မြို့နဲ့ ဟီဘရွန်မြို့တွေမှာလည်း နယ်မြေကျူးကျော်ခံရမှုအတွက် ပါလက်စတိုင်းတွေ ဆန္ဒပြခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲခဲ့ပါတယ်။
ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာ ၁၆၄ ခု၊ စစ်စခန်း ၁၁၆ ခုရှိပြီး ဂျူးအခြေချသူ ၆ သိန်းခွဲကျော် နေထိုင်နေကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒီလုပ်ရပ်ဟာ တရားမဝင်ဘူးလို့ ပြောကြားထားပေမယ့် အစ္စရေးက ကျူးကျော်မှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments