ဇူလိုင် ၁၅၊ ၂၀၂၁
M-Media
-စီးပွားရေးပိတ်ဆို့မှုကြောင့် လော်ဘီခမရတဲ့အတွက် စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးမှုကို ရပ်ဆိုင်းထားတယ်လို့ အစ္စရေးလော်ဘီ အရီ ဘင် မနာရှေက မနေ့မှာ ထုတ်ပြောပါတယ်။
အနောက်နိုင်ငံတွေမှာ ပုံရိပ်ကောင်းအောင်လုပ်ပေးဖို့ မနာရှေပိုင်ဆိုင်တဲ့ ကနေဒါအခြေစိုက် Dickens & Madson လော်ဘီကုမ္ပဏီကို စစ်ကောင်စီက ဒေါ်လာ ၂ သန်းနဲ့ မတ်လမှာ ငှားခဲ့တာပါ။
အနောက်နိုင်ငံက အစိုးရတွေကြားထဲ ဘင် မနာရှေ ဝါဒဖြန့်ပေးရမယ့် ကိစ္စတွေမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဟာ မဲမသာမှုကြောင့် လုပ်ရတယ်၊ ကမ္ဘာက လူမျိုးတုန်းသတ်ဖြတ်မှုလို့ရှုမြင်တဲ့ ရိုဟင်ဂျာကိစ္စကို မိမိတို့လုပ်တာမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်က လုပ်တာဖြစ်တယ် စတာတွေ ပါဝင်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း CNN သတင်းထောက်ချုပ် မြန်မာနိုင်ငံသွားနိုင်အောင်လည်း ဘင်မနာရှေက စီစဉ်ပေးခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က မီဒီယာနဲ့ အင်တာဗျူးမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပေမယ့် ပိတ်ဆို့မှုတွေကြောင့် လော်ဘီခမရတဲ့အတွက် ဝါဒဖြန့်ပေးမှုကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဘင်မနာရှေက ပြောပါတယ်။
ဒီအကြောင်းကို စစ်ခေါင်းဆောင်တွေထံ ပြီးခဲ့တဲ့လကတည်းက အသိပေးထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ ဖယ်ရှားပေးတာနဲ့ ဒေါ်လာ ၂ သန်းပေးဖို့ ဘင်မနာရှေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ သဘောတူထားတာပါ။
ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေ ယခင်ကတည်းက ပြုလုပ်ထားပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။
Ref: The Star
Comments