ဇူလိုင် ၂၂၊ ၂၀၂၁
M-Media
– Pfizer နဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားရင် လတ်တလော ကမ္ဘာတစ်ဝှမ်း ဆိုးဆိုးဝါးဝါး ပြန့်နှံ့ကူးစက်နေတဲ့ ပုံပြောင်း Delta ကိုဗစ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်မှာ တွေ့ရပါတယ်။
ဒီလေ့လာမှုကို အင်္ဂလန်ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်ပြီး New England ဆေးပညာဂျာနယ်မှာ မနေ့က ဖော်ပြခဲ့တာပါ။ ဒါပေမယ့် တစ်ကြိမ်တည်းထိုးထားကတော့ ထိထိရောက်ရောက် ကာကွယ်နိုင်မှု မရှိဘူးလို့ လေ့လာမှုက ဆိုပါတယ်။
ပုံပြောင်းကိုဗစ် Delta ကို Pfizer နဲ့ AstraZeneca တို့က ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ မြေပြင်အချက်အလက်တွေကို ကိုးကားပြီး ယူကေ ကျန်းမာရေးဝန်ကြီးဌာနက မေလမှာ ထုတ်ပြန်ခဲ့ကာ အခုတွေ့ရှိချက်အသစ်က အချက်အလက်ကို ပိုမို ခိုင်မာစေတာ ဖြစ်ပါတယ်။
Pfizer နှစ်ကြိမ်ထိုးရင် ပုံပြောင်းကိုဗစ် Delta ကို ၈၈ ရာခိုင်နှုန်း၊ Alpha ကို ၉၃.၇ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး AstraZeneca နှစ်ကြိမ်ထိုးရင်တော့ Delta ကို ၆၇ ရာခိုင်နှုန်း၊ Alpha ကို ၇၄.၅ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်ဆိုတာ အခု လေ့လာမှုအသစ်မှာ တွေ့ရပါတယ်။
Pfizer နဲ့ AstraZeneca တို့ကို တစ်ကြိမ်တည်းထိုးထားရင် ပုံပြောင်း Delta ကိုဗစ်ကို ၃၆ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်း အသီးသီး ကာကွယ်ပေးနိုင်ပါတယ်။
Ref: The Star
Comments