ဇူလိုင် ၂၅၊ ၂၀၂၁
M-Media
– စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဒန်နီ ဖန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။
Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဖန်စတာဟာ မေလ ၂၄ ရက်နေ့ကတည်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တရားစွဲဆိုခံထားရတာပါ။
ဖန်စတာပြန်လွတ်ရေး မိမိတို့အစိုးရက တစ်စိုက်မတ်လုပ်ဆောင်နေကြောင်း မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန် ဝှစ်မာနဲ့ သောကြာနေ့ဖုန်းခေါ်ဆိုမှုအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့တယ်လို့ အမေရိကန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျာလီနာပေါ်တာကလည်း ဇူလိုင် ၁၅ ရက်နေ့ ကနဦးကြားနာတဲ့အချိန်က သံရုံးတာဝန်ရှိသူတွေ တက်ရောက်ခွင့်ရခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဖန်စတာကို ထပ်မံရုံးထုတ်ဖို့ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒန်နီရဲ့ကိစ္စကို ကျွန်မတို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ သာယာ၀ပြောပြီး ကြံ့ခိုင်လွတ်လပ်တဲ့ လူအဖွဲ့အစည်းကို ထူထောင်ရာမှာ မီဒီယာလွတ်လပ်ခွင့်က မရှိမဖြစ် အရေးပါတယ်ဆိုတာကို ကျွန်မတို့ အမြဲတမ်း တိုက်တွန်းဆော်ဩသွားမှာပါ”
ကိုဗစ်ကူးစက်မှု မြင့်တက်လာတဲ့အချိန် အကျဉ်းထောင်အတွင်းနဲ့ နိုင်ငံတစ်ဝှမ်းက ကျန်းမာရေးအခြေအနေအတွက် အလွန်အမင်း စိုးရိမ်သောကဖြစ်မိတယ်လို့ ပေါ်တာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: The Star
Comments