ဇူလိုင် ၂၇၊ ၂၀၂၁
M-Media
-အိန္ဒိယမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာကနေ ပြည်နယ်နှစ်ခုအကြား တိုက်ပွဲဖြစ်တာကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး လူ ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်းက မီဇိုရမ်နဲ့ အာသံပြည်နယ်တို့အကြား နယ်စပ်က ဒေသတစ်ချို့အတွက် ဆယ်စုနှစ်ချီ အငြင်းပွားခဲ့ကြတာပါ။ အာသံရဲတပ်ဖွဲ့ဟာ နယ်ခြားက ကင်းစခန်းကို သိမ်းပိုက်လိုက်တယ်လို့ မီဇီုရမ်အစိုးရက စွပ်စွဲခဲ့တဲ့ ပြီးခဲ့တဲ့လကစလို့ တင်းမာမှုက ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။
မနေ့က တိုက်ပွဲအတွက် ပြည်နယ်နှစ်ခုစလုံးက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။
အာသံပြည်နယ် ဝန်ကြီးချုပ် ဟီမန်သာ ဘစ္စဝါ ဆာရ်မာ သူတို့ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ ဒဏ်ရာရရှိခဲ့ကာ ဒါဟာ မီဇိုရမ်ပြည်နယ်ရဲ့ ကျူးကျော်တိုက်ခိုက်မှုလို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါရဲ့ကြေငြာချက်မှာ အသေအပျောက်စာရင်းကို အတည်မပြုခဲ့ပေမယ့် အာသံပြည်နယ်က ရဲတပ်ဖွဲ့ဝင် ၂၀၀ လောက် ကင်းစခန်းကို အဓမ္မဝင်ရောက်စီးနင်းခဲ့မှုကြောင့် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာသံရဲတပ်ဖွဲ့ဟာ ကားတွေကို ဖျက်ဆီးခဲ့သလို ခရီးသွား ဇနီးမောင်နှံအပါအဝင် လက်နက်မဲ့ အရပ်သားတွေကို ပစ်ခတ်ခဲ့တယ်လို့ ဇိုရမ်သန်ဂါက ဆိုပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် နှစ်ဦးစလုံးဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ပို့စ်တွေတင်ကာ အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီး ဟာမစ်ရှား ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မီဇိုရမ်ဟာ ၁၉၇၂ ခုနှစ်အထိ အာသံပြည်နယ်က ဒေသတစ်ခုဖြစ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ သီးခြားပြည်နယ်တစ်ခု ဖြစ်လာတာ ဖြစ်ပါတယ်။ ပြည်နယ်နှစ်ခုစလုံးဟာ လူမျိုးစုတွေနေထိုင်ရာ ဒေသပါ။
သယံဇာတကြွယ်၀တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ အိန္ဒိယလွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်ကစလို့ လူမျိုးစုတွေအကြား တင်းမာမှုရှိခဲ့ပြီး အိန္ဒိယကနေခွဲထွက်ကာ သီးခြားလွတ်လပ်တဲ့ဒေသအဖြစ် တည်ထောင်ရေး လက်နက်ကိုင် တိုက်ပွဲဝင်မှုတွေလည်း ရှိနေပါတယ်။
Ref: Aljazeera
Comments