ဩဂုတ် ၃၊ ၂၀၂၁
M-Media
-အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်က ခရိုင်တစ်ခုကို သိမ်းပိုက်စဉ်အတွင်း တာလီဘန်အဖွဲ့ဟာ အနည်းဆုံး လူ ၄၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ အာဖဂန် လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ အာဖဂန်က အပြီးသတ်ဆုတ်ခွာနေတဲ့ ပြီးခဲ့တဲ့လတွေကစလို့ တာလီဘန်အဖွဲ့ဟာ နိုင်ငံအတွင်းက နယ်မြေတွေကို တစ်စတစ်စ သိမ်းယူလာခဲ့တာပါ။
ကန်ဒါဟာပြည်နယ်က စပင်ဘိုလ်ဒက်ခရိုင်ကို ပြီးခဲ့တဲ့လက သိမ်းပိုက်စဉ်အတွင်း အရင်က အစိုးရအဖွဲ့ဝင်ဟောင်းတွေ၊ လက်ရှိ အစိုးရတာဝန် ထမ်းဆောင်နေတဲ့သူတွေ အနည်းဆုံး လူ ၄၀ လောက်ကို တာလီဘန်က လက်စားချေ သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရသူတွေဟာ တိုက်ပွဲနဲ့ ဘာမှ မသက်ဆိုင်သူတွေဖြစ်တယ်လို့ အာဖဂန်လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်အပြီးမှာ အမေရိကန်နဲ့ ယူကေတို့က တာလီဘန်အဖွဲ့ကို ရှုတ်ချခဲ့ပါတယ်။
“တာလီဘန်တွေဟာ လက်စားချေတဲ့အနေနဲ့ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါသတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပါတယ်။ သူတို့လက်အောက်က တိုက်ခိုက်ရေးသမားတွေရဲ့ လုပ်ရပ်အတွက် တာလီဘန်ခေါင်းဆောင်ပိုင်းက တာဝန်ခံရမှာဖြစ်ပါတယ်။ ကိုယ်လူ့တွေကို အခုတောင် မထိန်းနိုင်ဘူးဆိုရင် နောက်ပိုင်း အုပ်ချုပ်ရေးမှာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” လို့ အမေရိကန်နဲ့ ယူကေသံရုံးတို့က မနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒိုဟာခြေစိုက် တာလီဘန် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင် ဆူဟေးလ် ရှာဟင်က ဒီသတင်းဟာ အခြေအမြင်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ စတင်ထွက်ခဲ့တဲ့ မေလအလယ်ပိုင်းကတည်းက တာလီဘန်အဖွဲ့ဟာ အခွင့်ကောင်းယူကာ နယ်မြေတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ လက်ရှိမှာတော့ ပြည်နယ်မြို့တော် ၃ ခုကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။
Ref: Aljazeera
Comments