ဩဂုတ် ၄၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာဟာ အမေရိကန်က ထုတ်ပြန်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု လမ်းညွှန်ချက်တွေနဲ့ ညိစွန်းခြင်းမရှိဘူးလို့ အိန္ဒိယ ထိပ်တန်း ဆိပ်ကမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Adani က ပြောကြားလိုက်ပါတယ်။
Adani လုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်က ရန်ကုန် နိုင်ငံတကာဆိပ်ကမ်းကို စီမံလုပ်ကိုင်ခွင့် ရခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် တက်လာတဲ့ စစ်အာဏာရှင်အစိုးရနဲ့ လက်တွဲမလုပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆော်ဩမှုတွေရှိခဲ့ပြီး Adani ကလည်း အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု စည်းမျဉ်းတွေနဲ့ငြိရင် မြန်မာနိုင်ငံကနေ ထွက်ခွာမယ်လို့ မေလမှာ ထုတ်ပြန်ပြောကြားခဲ့ဖူးပါတယ်။
မနေ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာတော့ အမေရိကန်ဘဏ္ဍာရေးဌာနအောက်မှာရှိတဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာအဖွဲ့ (OFAC) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ ငြိစွန်းခြင်းမရှိဘူးလို့ ယုံကြည်တဲ့အတွက် မြန်မာနိုင်ငံမှာ ဆိပ်ကမ်းလုပ်ကိုင်ခွင့်ရရေး OFAC မှာ လိုင်စင် လျှောက်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီရင်နှီးမြှုပ်နှံမှု တန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၂၉၀ ရှိမှာဖြစ်ပါတယ်။ Adani ကတော့ သူတို့ရဲ့ ဒီလုပ်ငန်းကနေ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့၊ ပုဂ္ဂလိကကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့ မျှော်လင့်ထားကြောင်း၊၊ ခြစားမှုတိုက်ဖျက်ရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Adani ကုမ္ပဏီရဲ့ အကြီးအကဲ ကာရန် အာဒါနီဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လက လက်ရှိ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။
Ref: Economic Times
Comments