ဩဂုတ် ၂၄၊ ၂၀၂၁
M-Media
-ဆော်ဒီအာရေဗျနဲ့ ရုရှားတို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သဘောတူညီချက်တစ်ရပ်ကို မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဆော်ဒီ ဒုတိယကာကွယ်ရေးဝန်ကြီး မင်းသား ခါလစ်ဘင် ဆလ်မန်ဟာ နိုင်ငံတကာ စစ်ဖက်နည်းပညာဆိုင်ရာ ဖိုရမ်ကို တက်ရောက်ဖို့အတွက် ရုရှားနိုင်ငံကို ရောက်ရှိနေချိန် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင်နဲ့ တွေ့ဆုံပြီး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
မင်းသား ခါလစ်ဟာ ရုရှားကာကွယ်ရေဝန်ကြီး ဆာဂျီရှိုဂူနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
“ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး ကျွန်တော်တို့ရဲ့ ဘုံကြိုးပမ်းအားထုတ်မှုတွေ အကြောင်းဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း မျှဝေသုံးသပ်ခဲ့ကြပါတယ်” လို့ မင်းသားခါလစ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဆော်ဒီဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး အခုနှစ်တွေအတွင်း ရုရှားနဲ့ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
Ref: Arab News
Comments