စက်တင်ဘာ ၄၊ ၂၀၂၁
M-Media
-၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိစ္စနဲ့ပတ်သက်တဲ့ လျှို့ဝှက်ဖိုင်တွေကို သုံးသပ်ကာအများပြည်သူထံ ချပြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရားရေးဌာနကို မနေ့မှာ အမိန့်ပေးလိုက်ပါတယ်။
နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးကို ခရီးသည်တင်လေယာဉ်တွေနဲ့ ဝင်တိုက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ လူပေါင်း ၂၉၉၆ ဦး သေဆုံးခဲ့ပြီး ၂၅၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အလ်ကိုင်းဒါးအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ကာ အကြမ်းဖက်ဝါဒအပေါ် စစ်ပွဲတစ်ခုကိုလည်း ဆင်နွှဲခဲ့ပါတယ်။
၉/၁၁ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ပြည်သူသိအောင် ချပြပေးမယ်လို့ သမ္မတဘိုင်ဒန်က မဲဆွယ်မှုမှာ ကတိပေးခဲ့ပြီး၊ ဒီကတိကို အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။
ဘိုင်ဒန်ရဲ့ ညွှန်ကြားချက်အရ ၉/၁၁ နဲ့သက်ဆိုင်တဲ့ FBI ရဲ့ စုံစမ်းစစ်ဆေးမှု စာရွက်စာတမ်းတွေကို တရားရေးဌာနက ၆ လအတွင်း သုံးသပ်ကာ ရှေ့နေချုပ် မာရစ် ဂါလန်းက ပြည်သူကို ချပြပေးရမှာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကလည်း လေယာဉ်ပြန်ပေးဆွဲသူတွေနဲ့ ဆော်ဒီအာဏာပိုင်တွေအကြား ဆက်စပ်မှုရှိတဲ့ အထောက်အထားတွေကို FBI က ဖျက်ဆီးတာ၊ ဒါမှမဟုတ် လိမ်လည်ဖော်ပြထားတာမျိုး ရှိနိုင်တယ်လို့ မိမိတို့ သံသယဝင်နေပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားပါတယ်။
၉/၁၁ တိုက်ခိုက်ရေးသမားတွေနဲ့ ဆော်ဒီအာဏာပိုင်တွေအကြား ဆက်စပ်မှုရှိတယ်ဆိုတဲ့ သတင်းတွေဟာ အရင်ကလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ဖူးပြီး ဆော်ဒီဖက်ကတော့ ဒါကို ငြင်းပါတယ်။
Ref: Reuters
Comments