စက်တင်ဘာ ၁၀၊ ၂၀၂၁
M-Media
-နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် အာဖဂနစ္စတန်မှာ ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက် နေထိုင်ရသူအရေအတွက်ဟာ လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ လူဦးရေတစ်ဝက်လောက်ဟာ လက်ရှိမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ မနေ့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအဖွဲ့ UNDP ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံရဲ့ GDP ကျဆင်းမှုကြောင့် ဆင်းရဲမွဲတေမှုဟာ နောက်ထပ် ၂၅ ရာခိုင်နှုန်းအထိ တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
“ဘက်ဂျက်ပြဿနာရှိတယ်။ အရံငွေပြဿနာရှိတယ်။ အရံငွေဆိုရင် ဒေါ်လာ ၉ ဘီလီယံလောက် ဆိုင်းငံ့ခံထားရတယ်။ ကုန်သွယ်ရေးပြဿနာရှိတယ်။ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးမှာ အခက်အခဲအတားအဆီးတွေရှိတယ်” လို့ UNDP ရဲ့ အာဖဂန်ဌာနေကိုယ်စားလှယ် အဘ်ဒူလာ အလ် ဒါဒါရီက ပြောပါတယ်။
နိုင်ငံတစ်နိုင်ငံ ဒီလိုအခြေအနေမျိုးရောက်လာရင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့စည်းတွေက ပူးပေါင်းကူညီလေ့ရှိပေမယ့် တာလီဘန်အုပ်စိုးနေတဲ့ အာဖဂန်နစ္စတန်မှာတော့ ဒါမျိုးဖြစ်လာမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
တာလီဘန်မသိမ်းပိုက်ခင်ကတည်းက အာဖဂန်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို အဓိကမှီခိုနေရတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂကတော့ သူတို့ရဲ့ အကူအညီပေးရေးလုပ်သားတွေကို ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ တာလီဘန်ကို တောင်းဆိုထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ရင်ဆိုင်ရဖွယ်ရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက အခုသီတင်းပတ်အစောပိုင်းမှာ ပြောကြားထားပြီး နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကလည်း တိုင်းပြည်ရဲ့ အားနည်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ပြိုလဲဖွယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။
လက်ရှိ အာဖဂန်နစ္စတန်က ပြည်သူတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်နေရပြီး နှစ်ရှည် မိုးခေါင်ရေရှားမှု၊ ကိုဗစ်ကပ်ရောဂါ၊ နိုင်ငံရေးမတည်ငြိမ်မှု စတာတွေကြောင့် ဖြစ်ပါတယ်။
Ref: Aljazeera
Comments