စက်တင်ဘာ ၁၈၊ ၂၀၂၁
M-Media

-ဆော်ဒီအာရေဗျက ကျောထောက်ခံပြု လျှပ်စစ်ကားကုမ္ပဏီ Lucid Motors က ထုတ်လုပ်တဲ့ ကားမော်ဒယ်သစ်တစ်ခုဟာ လျှပ်စစ်ကားနယ်ပယ်မှာ အဝေးဆုံး မောင်းနိုင်တဲ့စံချိန်ကို ရရှိခဲ့ပါတယ်။
ဒီကားကို Lucid Air Dream Edition R လို့ အမည်ပေးထားပြီး မိုင်ပေါင်း ၅၂၀ အထိ ဘထ္ထရီအားသွင်းစရာမလိုဘဲ မောင်းနိုင်တဲ့ မှတ်တမ်းကို နိုင်ငံတကာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီ (EPA) ကနေ ရရှိခဲ့တာဖြစ်ပါတယ်။
ဒါဟာ လျှပ်စစ်ကားလောကကို ဦးဆောင်နေတဲ့ Tesla ရဲ့ မိုင် ၁၀၀ ကျော်မောင်းနိုင်တဲ့ စံချိန်ကို ကျော်သွားတာလည်း ဖြစ်ပါတယ်။
Lucid Motors ဟာ အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလမှာ ဆော်ဒီ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (PIF) က ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကာ ရှယ်ယာ ၆၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၂၄ ခုနှစ်ရောက်ရင် Lucid Motors က ဆော်ဒီအာရေဗျမှာ ကားတွေထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။
Lucid Motors ရဲ့ စီအီးအိုး ပီတာ ရော်လင်ဆန်က EPA ကနေ ဒီလို အသိအမှတ်ပြုမှုမျိုး ရရှိတဲ့အတွက် အလွန်အမင်း ဝမ်းမြောက်မိကြောင်း၊ ဘထ္ထရီကြီးကြီးထည့်နိုင်ရင် ဝေးဝေးသွားနိုင်မယ်ဆိုတဲ့ သဘောတရားကို ကျော်ဖြတ်စွမ်းဆောင်ပြနိုင်တဲ့ ဒီအောင်မြင်မှုဟာ လျှပ်စစ်ကားလောကမှာ မှတ်တိုင်သစ် စိုက်ထူလိုက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Lucid Air Dream Edition R ကားဟာ လော့စ်အိန်ဂျလိစ်ကနေ ဆန်ဖရန်စစ္စကို၊ အဲဒီကမှတစ်ဆင့် Lucid ရုံးချုပ်ရှိရာ နယူးဂျာစီက နီ၀ါ့က်မြို့ စုစုပေါင်း ၄၄၅ မိုခရီးကို အဲကွန်းတောက်လျှောက်ဖွင့်ကာ တစ်နာရီ ၆၇ မိုင် အမြန်နှုန်းအထိ စမ်းသပ်မောင်းနှင်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီကားကို လာမယ့်နှစ်မှာ စျေးကွက်တင်ဖို့ စီစဉ်ထားပြီး တန်ဖိုး ဒေါ်လာ ၇ သောင်း ကျသင့်မှာဖြစ်ကာ လက်ရှိအချိန်အထိ ကြိုတင်အမှာ ၁၁၀၀၀ သာ ရရှိထားပါတယ်။ EPA ရဲ့ အခု အသိအမှတ်ပြုမှုကြောင့် အမှာတွေ ပိုရလာလိမ့်မယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။
Ref: Arab News
Comments