စက်တင်ဘာ ၂၈ ၊၂၀၂၁
M-Media
-ကျူးဘားနိုင်ငံဟာ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး Abdala ကို နိုင်ငံရပ်ခြားကို စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။
ဗီယက်နမ်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကို စတင်ရောင်းချတာဖြစ်ပြီး ကျူးဘားသမ္မတ မီဂွဲ ဒီယက်ဇ် ကာနဲလ်က ဗီယက်နမ်ကို ကာကွယ်ဆေးတွေ တင်ပို့လိုက်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဗီယက်နမ်ဟာ Abdala ကာကွယ်ဆေး ၉ သိန်း ဝယ်ယူခဲ့ပြီး ကျူးဘားက ၁ သိန်းခွဲ ထပ်မံလှူဒါန်းခဲ့ပါတယ်။
ဗီယက်နမ်သမ္မတ Nguyen Xuan Phuc ကျူးဘားနိုင်ငံကို ပြီးခဲ့တဲ့တစ်ပတ်က သွားရောက်စဉ်မှာ ကာကွယ်ဆေး ထုတ်လုပ်တဲ့နေရာကို သွားရောက်ကြည့်ရှုကာ Abdala အလုံးရေ ၅ သန်း ဝယ်ယူဖို့ စာချုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
ကျူးဘားရဲ့ ပြည်တွင်းဖြစ် နောက်ထပ် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို အီရန်မှာ ထုတ်လုပ်နေပါတယ်။ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးတွေကို နိုင်ငံရပ်ခြားတင်ပို့နိုင်ဖို့ ကျူးဘားက ကြိုးစားနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ သူတို့ရဲ့ ကာကွယ်ဆေးတွေကို အသိအမှတ်ပြုဖို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ တောင်းဆိုခဲ့ပါတယ်။
ကျူးဘားသိပ္ပံပညာရှင်တွေက သူတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတယ်လို့ ပြောထားပါတယ်။
ဗင်နီဇွဲလား အစိုးရဆေးဘက်ဆိုင်ရာ အကယ်ဒမီက ကျူးဘားထုတ် ကာကွယ်ဆေးတွေဟာ လုံလောက်တဲ့ သုတေသန လုပ်ဆောင်ထားတာ မရှိတဲ့အတွက် အလွန်အမင်းစိုးရိမ်မိတယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။
ကျူးဘားဟာ ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ နိုင်ငံစီးပွားရေး ပြန်လည်ဖွံဖြိုးလာဖို့အတွက် နိုဝင်ဘာလရောက်ရင် လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ဆေးထိုးနိုင်ဖို့ ရည်မှန်းထားပါတယ်။
Ref: Aljazeera
Comments