စက်တင်ဘာ ၃၀၊ ၂၀၂၁
M-Media
-ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး မနေ့က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
အသက် ၄၀ ကျော်အရွယ် မိုဟီဘူလာဆိုသူဖြစ်ပြီး ညနေပိုင်း ဘုရားရှစ်ခိုးပြီးတဲ့နောက် သူ့ရဲ့ရုံးခန်းအပြင်မှာ အခြားရိုဟင်ဂျာ ခေါင်းဆောင်တွေနဲ့ စကားပြောနေစဉ်အတွင်း သေနတ်နဲ့ ၃ ချက်ဆက် ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
မိုဟီဘူလာဟာ ‘ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာအဖွဲ့အစည်း’ (ARPSH) ကို တည်ထောင်ကာ ရိုဟင်ဂျာအရေးကို ဆောင်ရွက်နေသူဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် နိုင်ငံတကာက အဖိနှိပ်ခံလူမျိုးစု ကိုယ်စားလှယ်တွေကို အိမ်ဖြူတော်မှာ ခေါ်ယူတွေ့ဆုံစဉ်အတွင်း မိုဟီဘူလာတစ်ယောက် ရိုဟင်ဂျာတွေကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရခဲ့ပါတယ်။
၂၀၁၇ ခုနှစ် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို သတ်ဖြတ်မောင်းထုတ်မှုအပြီး ဖွဲ့စည်းခဲ့တဲ့ ARPSH ဟာ ရိုဟင်ဂျာတွေ ဖိနှိပ်ညှင်းပမ်းခံရမှု၊ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ အဓမ္မကျင့်မှုတွေအကြောင်း မိသားစုတစ်ခုချင်းစီကနေ စနစ်တကျ မှတ်တမ်းယူတာမျိုး လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းတည်ရှိရာ ကော့ဆက်ဘဇား ရဲတပ်ဖွဲ့ကတော့ မိုဟီဘူလာ အသတ်ခံရမှုကို အတည်ပြုခဲ့ပြီး အသေးစိတ်ကို ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တွေဟာ ဒီအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်ကူညီရေးအဖွဲ့ UNHCR ရဲ့ပြောရေးဆိုခွင့်ရှိသူက မိုဟီဘူလာ အသတ်ခံရတဲ့သတင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာတွေထဲက သဘောထားတင်းမာသူတွေဟာ မိုဟီဘူလာကို အသက်အန္တရာယ်ခြိမ်းခြောက်တာမျိုး အရင်က ရှိခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ မိုဟီဘူလာက သူ့ရဲ့အသက်ကို စတေးဖို့ အဆင်သင့်ပဲလို့ ဖြေကြားခဲ့ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ရဲ့ တောင်အာရှရေးရာအကြီးအကဲ မီနာရှီ ဂန်ဂူလီက မိုဟီဘူလာဟာ ရိုဟင်ဂျာလူ့အဖွဲ့အစည်းအတွက် အရေးပါသူတစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“သူသတ်ဖြတ်ခံရမှုဟာ ဒုက္ခသည်စခန်းက လွတ်လပ်မြောက်ရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေး အသံထုတ်နေတဲ့လူတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်”
Ref: Aljazeera
Comments