စက်တင်ဘာ ၃၀၊ ၂၀၂၁
M-Media
-ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ နိုင်ငံရေးပြဿနာအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အလျင်အမြန် တုန့်ပြန်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။
‘မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ စစ်တပ်ရဲ့ အာဏာဆုပ်ကိုင်ထားမှုကို တုန့်ပြန်ဖို့ ပိုမိုခက်ခဲလာမှာ စိုးရိမ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။
“ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်ရေး ကူညီနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေက စည်းစည်းလုံးလုံးနဲ့ တုန့်ပြန်ဆောင်ရွက်မှု ချက်ခြင်းလုပ်ဆောင်ဖို့ လိုအပ်နေပါပြီ”
ဂူတာရက်စ်ရဲ့ ဒီအစီရင်ခံစာကို ကုလမှာ အတည်ပြုဖို့အတွက် နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး တရုတ်အပါအဝင် ၃၆ နိုင်ငံက ကြားနေခဲ့ကာ၊ ဘီလာရုစ်နိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အစိုးရတာဝန်ရှိသူတွေ ပြန်လည်လွတ်မြောက်လာရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုးပမ်းအားထုတ်ဖို့ ဂူတာရက်စ်က တိုက်တွန်းခဲ့သလို၊ ရိုဟင်ဂျာမွတ်စလင်တွေအပါအဝင် ထိခိုက်ခံစားလွယ်တဲ့ အုပ်စုတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အလျင်အမြန် လိုအပ်နေတယ်လို့လည်း သတိပေးခဲ့ပါတယ်။
“စစ်တပ်က အာဏာခိုင်အောင်လုပ်နေတာကို တားဆီးဖို့ အခွင့်အလမ်း နည်းလာပါပြီ”
Ref: AFP
Comments