အောက်တိုဘာ ၉၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းရေးမှာ ကူညီပေးဖို့အတွက် အာဆီယံအဖွဲ့က အလှူငွေ ကန်ဒေါ်လာ ၁၀ သန်း ကောက်ခံရရှိထားပါတယ်။
ဒီငွေတွေကို လာမယ့် ၂ လအတွင်း အသုတ်လိုက်ခွဲပြီး ပေးပို့သွားမှာပါ။ အာဆီယံဟာ ကန်ဒေါ်လာ ၁.၁ သန်းတန်ဖိုးရှိတဲ့ အကူအညီတွေကို စက်တင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အာဆီယံအဖွဲ့ အတွင်းအရေးမှူး ဒါတွတ် လင်ဂျွတ်ဟိုက ဒုတိယအသုတ် အကူအညီတွေကို အခုလနှောင်းပိုင်းမှာ ပေးပို့သွားမယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှု လှိုင်းတွေကြောင့် သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒီအကြပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်ရေး အာဆီယံအဖွဲ့က ဩဂုတ်လ ၁၈ ရက်နေ့မှာ အစည်းအဝေးတစ်ခု လုပ်ခဲ့ပြီး ရန်ပုံငွေရှာဖွေခဲ့ကြပါတယ်။ ကနဦးရန်ပုံငွေ ဒေါ်လာ ၈ သန်း ရရှိခဲ့ပြီး အစည်းအဝေးနောက်ပိုင်း ၂ သန်း ထပ်ရခဲ့ပါတယ်။ အကူအညီတွေဟာ ငွေသား၊ ဆေးဝါး၊ အခြားပစ္စည်းနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။
ဒီပစ္စည်းတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံ ပေးပို့သွားမယ်လို့လည်း အာဆီယံအတွင်းရေးမှူးက ဆိုပါတယ်။
“ဒီအစီအစဉ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့မှာ အာဆီယံတစ်ဖွဲ့တည်းက လုပ်လို့ မရပါဘူး။ အာဆီယံဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင်ပြီး လက်တွေကျတဲ့ ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်”
Ref: Reuters
Comments