အောက်တိုဘာ ၁၀၊ ၂၀၂၁
M-Media
-ငြိမ်းချမ်းရေးနဲ့ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ဆောင်ရွက်ရာမှာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ခရစ်ယာန်နဲ့ အစ္စလာမ် ထိပ်တန်း ဘာသာရေးခေါင်းဆောင်နှစ်ဦးက ပြောကြားလိုက်ပါတယ်။
ယူအေအီး စည်းလုံးညွတ်ရေးဝန်ကြီး ရှိခ် နဟ်ယန် ဘင် မူဘာရက် အလ် နဟ်ယန်ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ပြုုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်စဉ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ အီဂျစ်နိုင်ငံ အလ်အဇ်ဟာရ် အစ္စလာမ့်တက္ကသိုလ်က မွဖ်သီချုပ် ဒေါက်တာ အဟ်မဒ် အလ် တိုင်ယစ်ဘ်တို့နဲ့ တွေ့ဆုံခဲ့တာပါ။
ဘာသာရေးခေါင်းဆောင်နှစ်ဦးက ငြိမ်းချမ်းရေး၊ မတူကွဲပြားမှုကို သည်းခံကာ အတူယှဉ်တွဲနေထိုင်ရေး၊ စေ့စပ်ဆွေးနွေးရေး၊ လူသားဝါဒ ထွန်းကားရေးတို့ကို ဆောင်ရွက်ရာမှာ ယူအေအီးဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
ရှိခ် နဟ်ယန်က ကမ္ဘာ့နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်တဲ့အတွက် မိမိတို့ ဂုဏ်ယူကြောင်း၊ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။
“ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်လူ့အဖွဲ့အစည်းကမှ လူအားလုံးကို ဘာသာတရားတစ်ခုတည်း သွတ်သွင်းလို့ မရပါဘူး။ ကြီးကျယ်တဲ့ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကမှလည်း ဒါမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့ လုပ်ရပ်မယ့် အကောင်းဆုံးအရာက ကိုယ်ကျင့်တရားပိုင်းနဲ့ လုပ်ရပ်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ဖို့ပါ။ မတူညီတာတွေအားလုံး ပေါင်းစည်းလိုက်ရင် လူသားထုတစ်ရပ်လုံးအတွက် ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံမှု၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းအောင် လုပ်ဖို့လိုပြီး၊ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့လည်း ကျွန်တော်တို့ တတ်နိုင်သမျှအားလုံး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”
Ref: Khaleej Times
Comments